close

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်

close

March 31, 2023

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးလမ်းပြမြေပုံအဖြစ် ကိုင်စွဲ တိုက်ပွဲဝင်ရန် NUG ယာယီသမ္မတ တိုက်တွန်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံတဲ့ တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ၂ နှစ်ပြည့် အခမ်းအနားမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောတူညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တခု ဖြစ်သလို အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်တရပ် ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေပါတယ်။ ထိုနည်းတူစွာပဲ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းကို စနစ်တကျတည်ထောင်ဖို့ ရည်ညွှန်းထားတဲ့ အခြေခံမူ အပေါင်းအစုလည်း ဖြစ်ပါတယ်။ လူထုကိုယ်၌က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ်မှာ ဒီလိုနားလည်ထားသလို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လူထုသဘောထားနဲ့ထပ်တူ နားလည်လက်ခံထားကြောင်း ပြောကြားလိုပါတယ်။ တော်လှန်သော လူထုလှုပ်ရှားမှု လှိုင်းလုံးကြီးထဲမှာ လူထုရဲ့ အင်နဲ့အားနဲ့ တော်လှန်မှုကို ကျနော်တို့အားလုံး ထင်ထင်ရှားရှား မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ဒီလို လူထုလှုပ်ရှားမှု အတွင်းမှာ တော်လှန်ရေးအင်အားစုအားလုံး ဝိုင်းဝန်းသဘောတူညီထားတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်တခုဟာ မဖြစ်မနေ ရှိထားရပါလိမ့်မယ်။ ဒီလိုအပ်ချက်ကြောင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ပေါ်ထွက်လာတာဖြစ်သလို ဒီလိုအပ်ချက်ကြောင့်ပဲ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ခြေခြေမြစ်မြစ် ပေါ်ထွက်လာရခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပြီးတော့ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးမဟုတ်ဘူး ဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့နဲ့ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ တိုက်ပွဲဝင်နေခြင်း ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကျနော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ် ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှုတရပ် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ မူအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးလျှောက်လမ်းကို စနစ်တကျ လျှောက်လှမ်းနေပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အခြေခံမူကောင်းတွေနဲ့ ထိန်းကွပ်ဦးဆောင်နိုင်စွမ်းရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးအခြေခံမူတွေအဖြစ် ကိုင်စွဲပြီး လျှောက်လှမ်းနေပါတယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

2 mins Ago

April 7, 2021

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် စကားဝိုင်း ယနေ့ညနေအွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့  ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲတရပ်ကို ကျင်းပသွားဖို့ ရှိနေပြီး ဒီကနေ့ ညနေ ၆ နာရီမှာ အွန်လိုင်းပေါ်က တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ Yangon University Open Political Society (YUOPS) တို့ စီစဉ်ကျင်းပတဲ့ ဒီစကားဝိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU မှ တာဝန်ရှိသူတဦး၊ Legal Aid Network တည်ထောင်သူ ဦးအောင်ထူး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်၊ General Strike Committee of Nationalities (GSCN) မှ တာဝန်ရှိသူတဦးတို့ ပါဝင်ဆွေးနွေးသွား ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပြီးခဲ့တဲ့ မတ် ၃၁ ရက် က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်းနဲ့  ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Federal Democracy Charter  ကို ထုတ်ပြန်ကြေညာထားပါတယ်။

လတ်တလောမှာတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ဘာတွေဆွေးနွေးသွားကြမလဲဆိုတာကိုတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ- https://www.facebook.com/UYstudentsunion ပေါ်ကတဆင့် တိုက်ရိုက် ကြည့်ရှုနိုင် မှာ ဖြစ်ပါတယ်။

2 years Ago
Up