အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့နဲ့ မွန်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ မေလ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ ၃ ရက်ကြာ နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားဖို့၊ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့် ရရှိဖို့၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ရေးအတွက် တင်ပြဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲအပြီးမှာတော့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ မွန်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက ပြောပါတယ်။
“ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်လုပ်ပေးဖို့ အတည်ပြုနိုင်ခဲ့တယ်၊ နောက်တော့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်သွားဖို့လည်း ကျနော်တို့ထပ်မံပြီးတော့ အတည်ပြုခဲ့တယ်ခင်ဗျ။ နောက်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်သွားဖို့လည်း ထပ်မံပြီးတော့ သဘောထားတူညီမှု ရရှိခဲ့ပါတယ်။ နောက်တော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက်လည်း သဘောတူညီခဲ့ပါတယ်ခင်ဗျ။”
ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ မွန်အများစု နေထိုင်တဲ့ ဒေသတွေရှိ စာသင်ကျောင်းတွေမှာ မွန်ဘာသာ တစ်ဘာသာကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ကြားနိုင်ရေးအတွက် မူဝါဒ ချမှတ် အကောင်အထည် ဖော်ဆောင်သွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ မွန်ပြည်သစ်ပါတီဘက်က တင်ပြလာတဲ့ မွန်အမျိုးသားနေ့မှာ တရားဝင် ရုံးပိတ် ရရှိရေး၊ မွန်သံဃာတော်တွေရဲ့ ရာမညနိကယာဂိုဏ်းကို တရားဝင်သံဃအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရေးတို့ကို မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီက ဒီဆွေးနွေးပွဲဟာ လက်ရှိနိုင်ငံရေး အကျပ်အတည်းအတွက် အကောင်းဆုံး ရလဒ် တစ်ခု မဟုတ်ပေမယ့် အားရကျေနပ်မှု ရှိတယ်လို့ ပြောပါတယ်။
မွန်လူငယ်တစ်ဦးကတော့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဟာ အာဏာသိမ်း စစ်ကောင်စီထံ သွားရောက် တောင်းဆိုလို့ မရသလို စစ်ကောင်စီက ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူချက်တွေဟာ လက်ရှိနိုင်ငံရေး အခြေအနေအရ ဖြစ်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
“စစ်ကောင်စီကပေးမယ့် ဖယ်ဒရယ်တို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဆိုတာက ပြောရမယ်ဆိုရင် အိပ်မက်သက်သက်ပဲ တကယ်ကိုအိပ်မက်သက်သက်ပဲ။ တကယ်လို့သာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖယ်ဒရယ်သွားချင်တယ်ဆိုရင် စစ်ကောင်စီဆီမှာ သွားတောင်းလို့ မရဘူး။ ဖယ်ဒရယ်ဒီမိုကရေစီကို တကယ်သွားချင်တယ်ဆိုလို့ရှိရင် အခုတော်လှန် ရေးလုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးအားလုံး စုပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ပြီးတော့မှပဲ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ တည်ဆောက်လို့ရမယ်။ ဒီကိစ္စကလွယ်လွယ်နဲ့ အကောင်အထည်ဖော်နိုင်ဖို့က မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။”
မွန်ပြည်သစ်ပါတီကတော့ ဒီဆွေးနွေးပွဲဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ NCA မူအတိုင်း လျှောက်လမ်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရတာလို့ ဆိုထားပါတယ်။
ဒါပေမဲ့ အခုလို မွန်ပြည်သစ်ပါတီက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတဲ့အပေါ် မွန်လူထုအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတာပါ။
Photo-DSINFO
အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ချက်ကို လက်ခံပြီး ဆွေးနွေးပွဲတက်မယ့်အကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS က မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာမှာ အန်စီအေ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးထားတဲ့ RCSS က အခုလို သဘောထားထုတ်ပြန်လိုက်တာပါ။
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ RCSS ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေက နိုင်ငံတဝန်းမှာ ရွာတွေကိုဝင်ရောက် မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လေယာဉ်နဲ့ ဗုံးကြဲနေချိန်မှာ တဖက်မှာငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းစဉ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
RCSS/SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးအုမ်ခေးကတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနဲ့ ပြုပြင်ပြောင်းလဲ အဆုံးသတ်ရမယ်လို့ ယုံကြည်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဘဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့လို့ပဲဆိုဆို အခြေအနေပြန်လည်ကောင်းလာဖို့နောက်ဆုံးတော့ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြအဲလို နည်းလမ်းနဲ့ပဲ သွားရလိမ့်မယ်လို့ ကျနော်တို့အဲဒီလို ခံယူပါတယ်။ အကြမ်းဖက်သမား၊ လူသတ်သမား အဲလိုတောက်လျှောက်ထည့်တွက်မယ်ဆိုရင် တဘက်နဲ့တဘက် အပြန်အလှန် တိုက်ခိုက်နေမယ်။ ဒီအတိုင်း ချမယ် တိုက်မယ်ဆိုရင် မပြီးနိုင်တော့ဘူး၊ တိုင်းပြည်က ပိုပြီး ပျက်စီးလိမ့်မယ်လို့ မြင်တယ်၊ ဘာမဆိုပုံသေရယ်လို့ တွက်လို့မရဘူး၊ သူ့အချိန်သူ့အခါနဲ့သူ ပြန်လည်ပြီးတော့ပြုပြင်မယ်၊ ပြောင်းလဲမယ်၊ ပြန်ဆွေးနွေးမယ် ဆိုရင်တော့ ကောင်းလာမယ်လို့ ယုံကြည်တယ်။”
အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
အဆိုပါအဖွဲ့တွေထဲက အများစုဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။
တရားမဝင် အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ အခုလိုငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေး အခက်ခဲတွေကို ယာယီဖြေရှင်းဖို့ ကြိုးစားနေတာသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းမယ့် စစ်အုပ်စုရဲ့ အတုယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ တရားဝင်မှုမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားမနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်တို့အကြား နေပြည်တော်မှာ တွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအတွက် တောင်းဆိုတာထက်မပိုတဲ့ ဟန်ပြဆွေးနွေးပွဲသာ ဖြစ်လိမ့်မယ် လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောထားပါတယ်။