ဖင်လန်နိုင်ငံဟာ ဧပြီ ၄ ရက်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး)နဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး ဖင်လန်နိုင်ငံ ပိုမိုဘေးကင်းပြီး မဟာမိတ်အဖွဲ့ကို ပိုအားကောင်းလာစေမယ့် ခြေလှမ်းတရပ် ဖြစ်လာတယ်လို့ နေတိုးအကြီးအကဲ ယန်းစ်စတော့တန်ဘာ့ဂ်က ဧပြီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် ဖင်လန်နိုင်ငံကို နေတိုးအဖွဲ့နဲ့ ပူးပေါင်းခွင့်ပြုတဲ့ ဥပဒေကြမ်းကို တူရကီလွှတ်တော်က အတည်ပြုပြီး လေးရက်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာပါ။
အခုသီတင်းပတ် အစောပိုင်းမှာ အလားတူဥပဒေကြမ်းတရပ်ကို ဟန်ဂေရီလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ဖင်လန်ကို အဖွဲ့ဝင်အဖြစ် အတည်ပြုဖို့ နေတိုး မဟာမိတ်အဖွဲ့ဝင် နိုင်ငံ ၃၀ ထဲမှာ တူရကီလွှတ်တော်ဟာ နောက်ဆုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ ပြီးခဲ့တဲ့နှစ်က နေတိုးအဖွဲ့ဆီ ပူးပေါင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ကို တူရကီနဲ့ ဟန်ဂေရီတို့က ချုပ်ကိုင်ထားပါတယ်။ နေတိုးအဖွဲ့ဝင်အားလုံးရဲ့ လွှတ်တော်တွေက အဖွဲ့ဝင်သစ်တွေကို အတည်ပြုရမှာပါ။
တူရကီအစိုးရက အကြမ်းဖက်သမားတွေလို့ ယူဆနေသူတွေကို နှိမ်နင်းရာမှာ လုံလောက်တဲ့ အတိုင်းအတာအထိ မရောက်သေးဘူးလို့ တူရကီအစိုးရက ပြောထားတဲ့ ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက်ကို တူရကီက အတည်ပြုနေဆဲ ဖြစ်ပါတယ်။
ကျူးကျော်သူ ရုရှားတပ်တွေရဲ့ ဘေးအန္တရာယ်ကို စိုးရိမ်လာတဲ့အတွက် ဖင်လန်နိုင်ငံက အမျိုးသမီးတွေဟာ မိမိနိုင်ငံကို ကာကာကွယ်နိုင်ရေး စစ်ပညာသင်ယူဖို့ အားတက်သရော စာရင်းပေးနေကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ပြီး ရက်ပိုင်းအကြာမှာ ဖင်လန်နိုင်ငံသူ စီးပွားရေးလုပ်ငန်းရှင် စစ်စီမိုဘတ်ဟာ ဖင်လန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်လာရင် ခုခံကာကွယ်ရာနိုင်ဖို့အတွက် လက်တွေ့အသုံးပြုနိုင်တဲ့ စစ်ရေးပို့ချချက်တွေကို အင်တာနက်မှာ ရှာဖွေခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် စစ်စီမိုဘတ် “ကျမတို့ဖင်လန်မှာ အမျိုးသားတွေ အားလုံး စစ်မှုထမ်းပြီးပါပြီ။ ကျမ မပါပေမယ့် လိုအပ်လာရင် တိုင်းပြည်အတွက် တထောင့်တနေရာက ပါချင်ပါတယ်”လို့ ပြောပါတယ်။
အသက် ၄၆ နှစ်အရွယ် ကလေးလေးယောက်မိခင်ဖြစ်သူ စစ်မီမိုဘတ်က လက်နက်ကို ဘယ်လို ကိုင်တွယ်အသုံးပြုရမယ်၊ စစ်မြေပြင်မှာ ဘယ်လိုသွားလာလှုပ်ရှားရမယ် ဆိုတာတွေပါရှိတဲ့ အင်တာနက်သင်ခန်းစာတစ်ခုကို လေ့လာခဲ့ပါတယ်။
ရုရှားနဲ့ကီလိုမီတာ ၁၃၀၀ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဖင်လန်နိုင်ငံအတွက် ယူကရိန်းစစ်ပွဲဟာ စိုးရိမ်ဖွယ်ရာ အခြေအနေကြီး ဖြစ်နေတာပါ။
ဒုတိယကမ္ဘာစစ်ထဲတုန်းကလည်း ဖင်လန်ဟာ ရုရှားနဲ့ စစ်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီး ဖင်လန်လူမျိုး တစ်သိန်းလောက် အသက်ဆုံးရှုံးခဲ့ရကာ ပိုင်နက်နယ်မြေ ဆယ်ပုံတစ်ပုံ ရုရှားက သိမ်းယူသွားခဲ့ပါတယ်။
ကျူးကျော်မှုအတွက် စိုးရိမ်လာရတာကြောင့် ပြီးခဲ့တဲ့လကပဲ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ဖို့ လျှောက်ထားခဲ့ပါတယ်။ ဆယ်စုနှစ်အတော်ကြာရှိနေတဲ့ ပြည်တွင်းကာကွယ်ရေးနဲ့ လုံခြုံရေးပေါ်လစီ ပြောင်းလဲဖို့ ဖြစ်လာခဲ့တာပါ။
ဖင်လန်အမျိုးသမီးများ နိုင်ငံအဆင့် အရေးပေါ်ပြင်ဆင်ရေးအဖွဲ့ကြီးကတော့ စစ်ရေးစစ်ရာ သင်ကြားလေ့ကျင့်ပေးရေး တောင်းဆိုမှုတွေ များလာတယ်လို့ ပြောပါတယ်။
ဖင်လန်အမျိုးသမီးအသင်း ဆက်သွယ်ရေးဌာနအကြီးအကဲ ဆူဗီ အက်က်ဆီလာက “စစ်ပွဲစစချင်းမှာပဲ ကျမတို့ဆီကို အီးမေးလ်ကနေ စာတွေလာတယ်။ ဖုန်းနဲ့လည်း ပြောလာကြတယ်။ သင်တန်းတက်ဖို့ တောင်းဆိုမှုတွေက များလာတယ်” လို့ပြောပါတယ်။
ဖင်လန်နိုင်ငံမှာ အမျိုးသားတွေဟာ မသင်မနေရ စစ်မှုထမ်းစနစ်အရ စစ်ရေးတာဝန် ထမ်းဆောင်ရပေမယ့် အမျိုးသမီးတွေကတော့ ထမ်းဆောင်စရာမလိုပါဘူး။
စစ်မှုထမ်းဆောင်ဖို့ စာရင်းသွင်းသူ အမျိုးသမီးတွေဟာ စစ်မှုထမ်းဆောင်ရသူတွေရဲ့ နှစ်ရာခိုင်နူန်းသာရှိပေမဲ့ အမျိုးသမီးစစ်မှုထမ်းအရေအတွက်ဟာ အမြဲတမ်းတပ်မတော်ထဲမှာ ငါးပုံတစ်ပုံလောက်အထိ ရှိနေပါတယ်။
မြို့တော်ကနေ ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ ဟက်တူလာက စစ်အခြေစိုက်စခန်းမှာ လေ့ကျင့်ပေးနေတဲ့ အသက်ရှင်နေထိုင်ရေးသင်တန်းကို စစ်စီမိုဘတ် တက်ရောက်ခဲ့ပါတယ်။
သုံးရက်ကြာတဲ့သင်တန်းမှာ သူနဲ့အတူ အမျိုးသမီး အယောက် ၃၀၀ ကျော်ဟာ တဲဘယ်လိုထိုးရမယ်၊ မိုးရေထဲမှာ မီးဘယ်လိုမွှေးရမယ်၊ တောထဲမှာလမ်းဘယ်လိုရှာရမယ်၊ ရှေးဦးသူနာပြုစုနည်း စတာတွေ သင်ယူခဲ့ကြတာပါ။
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် စစ်စီမိုဘတ်ကတော့ “ကျမမိသားစုက ကျမကို တော်တော်လေးကို အံ့အားသင့်သွားမှာပါ။ ဒီလိုသင်တန်းမျိုးတက်တာ မိသားစုထဲမှာ ကျမတစ်ယောက်ဘဲ ရှိမှာပါ။ ဒီလိုလေ့ကျင့်မှုမျိုးကို ကောင်းကောင်း ကျေနပ်နှစ်ခြိုက်မိပါတယ်”လို့ ပြောပါတယ်။
နောက်ထပ်စာရင်းပေးထားတဲ့ အယောက် ၅၀၀ ကျော်ဟာလည်း သင်တန်းတက်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
စစ်ဘက်ဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေဝယ်ယူဖို့အပါအဝင် သင်တန်းအတွက်လိုအပ်တဲ့ ဘဏ္ဍာငွေကြေးကို အစိုးရက ထောက်ပံ့ပေးပါတယ်။
ပရိဘောဂအရောင်းဆိုင်မန်နေဂျာ စာတူမီတီနန်က “ကျမတို့တနေ့မှာ တစ်ခုခုဖြစ်ခဲ့ရင် အနည်းဆုံး လုပ်နိုင်တာ တစ်ခုရှိနိုင်ဖို့ တစ်နည်းနည်းနဲ့ ပြင်ဆင်ချင်တယ်”လို့ ပြောပါတယ်။
ရုရှားနဲ့ပတ်သက်ပြီး ဖင်လန်ပြည်သူလူထုတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကောက်ယူတဲ့ လူထုစစ်တမ်းတွေအရ ရုရှားဟာ ဖင်လန်ရဲ့လုံခြုံရေးအတွက် ဒုက္ခပေးနိုင်တဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကို ဖင်လန်ပြည်သူ ၈၅ ရာခိုင်နူန်းက ယူဆလာကြပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်က စစ်တမ်းမှာတော့ စိုးရိမ်မှုဟာ ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။
ဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပေမယ့် တကယ်လို့ စစ်ပြုလာခဲ့မယ်ဆိုရင် အမိမြေကာကွယ်ရေးအတွက် လက်နက်ကိုင်ရမယ်ဆိုတာကို ဖင်လန်လူထု ၈၃ ရာခိုင်နှုန်းက သဘောထားရှိနေပါတယ်လို့ တခြားစစ်တမ်းတစ်ခုက ဆိုပါတယ်။
ပရိဘောဂအရောင်းဆိုင်မန်နေဂျာ စာတူမီတီနန်က “ကျမတို့အတွက်က နေပျော်တဲ့နိုင်ငံပါ၊ ကလေးသူငယ်တွေကိုလည်း ပြုစုပျိုးထောင်ပေးနိုင်တယ်။ ကျမတို့ မဖြစ်မနေ ကာကွယ်စောင့်ရှောက်ရမှာပါ။ ကျမတို့ ဖင်လန်လူမျိုးအားလုံးရဲ့ ကိုယ့်မြေကိုယ်ရေ ကိုယ့်တိုင်းကိုယ့်ပြည်ကို ကာကွယ်လိုစိတ်ဟာ အမြင့်မားဆုံးအခြေအနေမှာ ရှိနေတယ်”လို့ ပြောပါတယ်။
သင်တန်းသူ စာတူ မီတီနန်ရဲ့အဘွားဟာလည်း ဒုတိယကမ္ဘာစစ်မှာ စစ်မှုထမ်းခဲ့သူပါ။ စီးပွားရေးလုပ်ငန်းရှင် စစ်စီမိုဘတ်ကတော့ သတ္တိရှိတယ်ဆိုတာ မကြောက်တတ်တာ မဟုတ်ဘူး။ အကြောက်တရား ရှိပေမယ့်လည်း လုပ်စရာရှိတာကို ရဲရဲလုပ်တာပါလို့ ပြောပါတယ်
ဒါ့အပြင် ကြုံတွေ့လာမယ့် သဘာ၀ကပ်ဘေးလို နျူကလီးယားမတော်တဆမှုလို ဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ သင်တန်းတွေကိုလည်း သူလေ့လာသင်ယူသွားဦးမယ်လို့ မိုဘတ်က ဆိုပါတယ်။