close

ဖနွမ်ပင်

close

June 13, 2021

ဖနွမ်ပင်မြို့ရှိ ရေပေါ်အိမ်များ ဖျက်သိမ်း

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့က တွန်လယ်ဆပ် မြစ်ထဲမှာ ဘိုးစဉ်ဘောင်ဆက် ဆောက်လုပ်နေထိုင်ကြနေကြတဲ့ ရေပေါ်သစ်သားလှေအိမ်တွေကိုဖယ်ရှားဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။ 

သက်တမ်းကြာ နေထိုင်လာသူ ဒေသခံတွေဟာ သွားစရာနေရာ မရှိလို့  ဒီအမိန့်ကို ကန့်ကွက်ထားပေမဲ့လည်း ဇွန် ၁၂ ရက်က စပြီး ဒီရေပေါ်အိမ်တွေကနေ ဖယ်ပေးရမယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

မျိုးဆက်ပေါင်းများစွာ တွန်လယ်ဆပ်မြစ်ထဲမှာ ရေပေါ်အိမ်တွေထဲမှာ နေထိုင်ခဲ့ပြီး မြစ်ကို အမှီပြုပြီးတော့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ တခြားစီးပွားရေးတွေလုပ်ပြီး အသက်မွေးခဲ့ ကြတာပါ။ 

မြို့တော်အစိုးရက သူတို့ကို ပြောင်းရွှေ့ဖို့ အချိန်လုံလုံလောက်လောက် မပေးထားဘူး လို့ အိမ်ထောင်စုအများစုက ပြောနေကြပါတယ်။ 

ဖနွမ်းပင်မြူနီစီပယ်ကတော့ ဒေသခံတွေဟာ မျက်စေ့စူးစရာ ရေပေါ်မျောနေတဲ့ ဆင်ခြေဖုံး ရပ်ကွက်လို တိုးပွားလာပြီး လှေအိမ်တွေအနီးတဝိုက်မှာ ရေဆိုးတွေပေါ် မျောနေတဲ့ အညစ် အကြေးတွေ၊ အမှိုက်အိတ်တွေနဲ့ ကျန်းမာရေးပြဿနာတွေလည်း များလာပြီလို့ ပြောပါတယ်။

ဖယ်ပေးရမယ့်အိမ်ပေါင်း ၃၁၆ လုံး ရှိပြီး အဲ့ဒါတွေဟာ မြို့ရဲ့အလှအပနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတယ်လို့ ပီရတ်ခ်နော့ဗ်ခရိုင်ရဲ့ မြေယာစီမံခန့်ခွဲမှုရုံးအကြီးအကဲ စီဝူသာက ပြောပါတယ်။ 

အခု အိမ်တွေကို ဖယ်ရှားနှင်ထုတ်တာဟာ ၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖနွမ်ပင်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မပြုသေးမီ ကြိုတင်ပြီး သန့်ရှင်းရေးလုပ်ဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။ 

ဒါပေမဲ့လည်း အားကစားပြိုင်ပွဲတွေက အချိန်ကာလ တစ်နှစ်ကျော်လောက်  လိုနေသေးတာ ကို ဘာကြောင့် အခုကတည်းက အတင်းလာဖယ်ခိုင်းပြီး ပြောင်းရွှေ့ဖို့လိုနေတာလည်းလို့ ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

6 mins Ago

June 9, 2020

ထိုင်းတက်ကြွလှုပ်ရှားသူ ပြန်ပေးဆွဲခံရသည့်ကိစ္စ ကမ္ဘောဒီးယားသံရုံးရှေ့တွင် ဆန္ဒပြ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က ကမ္ဘောဒီးယား သံရုံးအပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဇွန် ၈ ရက်က ချီတက်ဆန္ဒပြနေပါတယ်။ ကမ္ဘောဒီးယား မြို့တော်ဖနွမ်ပင်မှာ ပြည်ပြေးအဖြစ် နေထိုင်တဲ့ ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဝမ်ချာလီယန် စတ်ဆာစစ်ရဲ့ ကံကြမ္မာကို သိခွင့်ရဖို့ တောင်းဆိုနေတာပါ။ သူ့ကို ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက ပြန်ပေးဆွဲသွားခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အသက် ၃၇ နှစ်အရွယ် ဝမ်ချာလီယန်ဟာ ဖနွမ်ပင်မြို့တော် သူ့ရဲ့ တိုက်ခန်းရှေ့မှာတင် ဇွန်လ ၄ ရက်က ကားတင်ခံခဲ့ရတာလို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောပါတယ်။ သူ့ကို ပြန်ပေးဆွဲသူတွေကို ဖမ်းဆီးဖို့နဲ့ သူ ပျောက်သွားတာကို စုံစမ်းစစ်ဆေးဖို့ ဆော်သြထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း HRWက ကမ္ဘောဒီးယားသံရုံး ဒုအတွင်းဝန်ကို ပေးခဲ့ပါတယ်။ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး ထွက်ပြေးခဲ့ကြတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူ ၈ ယောက်ထက် မနည်းဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေထဲမှာ ပျောက်သွားကြတယ်လို့ အသင်းအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေက ပြောပါတယ်။ တချို့ကိုတော့ နောက်ပိုင်းမှာ သေဆုံးလျက်သား တွေ့ခဲ့တာပါ။ ထိုင်းစစ်အစိုးရကို နိုင်ငံခြားကနေ ဝေဖန်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဖန်တီးလည်ပတ်ခဲ့လို့ သူ့ကို ကွန်ပျူတာ ရာဇဝတ်မှုအက်ဥပဒေ ချိုးဖောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ၂၀၁၈ မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ဇွန် ၃ ရက်ကမှ သူဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာကို လူမှုကွန်ရက် မီဒီယာပေါ်ကနေ ဝေဖန်ခဲ့ပါသေးတယ်။ နောက်နေ့မှာ သေနတ်သမားတွေ ဖမ်းတာ ခံခဲ့ရပြီး ပျောက်ဆုံးခဲ့ပါတယ်။ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက အစိုးရတွေဟာ လတ်တလောနှစ်တွေအတွင်း အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို နေရပ် အတင်းပြန်ခိုင်းရင်း တနိုင်ငံကို တနိုင်ငံ ကူညီနေခဲ့ကြတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက စွပ်စွဲထားပါတယ်။
1 year Ago
Up