မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ အမျိုးသား ၃ ယောက်အနက် ၂ ယောက်ကို အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းက အလောင်းသာပြန်တွေ့ရပါတယ်။
အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေဟာ သံလျှက်မှော်အရှေ့ရပ်ကွက်၊ လန်ဒန်ဝင်းမှာ နေထိုင်တဲ့ ဦးစန်းလွင်၊ အကွက်မှူးဟောင်း ဦးကျော်ဌေးအောင်နဲ့ ၄၁ လမ်း နဲ့ ၈၇ လမ်းအနီးရှိ အပေါင်ဆိုင်က ကိုမိုးကြီးတို့ကို ဖမ်းဆီးသွားခဲ့တာပါ။
ဦးစန်းလွင်နဲ့ အကွက်မှူးဟောင်း ဦးကျော်ဌေးအောင်တို့ရဲ့ ရုပ်အလောင်းတွေကို မြို့ပတ်လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြားမှာတွေ့ရှိခဲ့ပြီး မိသားစုဝင်တွေကို အလောင်းလာထုတ်ဖို့ စစ်ကောင်စီက အကြောင်းကြားတယ်လို့ သိရပါတယ်။
“ဖမ်းသွားတာက သုံးယောက်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာလည်း မသိရဘူး။ အခု နှစ်ယောက်က သေပြီ။ အလောင်းလာထုတ်ဖို့ဆိုပြီး အကြောင်းကြားတယ်။ တစ်ယောက်ကတော့ ဘယ်လိုရှိနေလဲဆိုတာ မသိဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။
သေဆုံးသူ ဦးစန်းလွင်နဲ့ အကွက်မှူးဟောင်း ဦးကျော်ဌေးအောင်တို့မှာ ထိုးသွင်းဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာများတွေ့ရတယ်လို့ သိရပါတယ်။