close

ဖမ်းဆီးခံလူငယ်များ

close

June 8, 2021

ရွှေကူမြို့က ဖမ်းဆီးခံလူငယ်များကို ၃ လပြည့်သည်အထိ စီရင်ချက်မချသေး

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်ရင်း မတ်လ ၈ ရက်နေ့ကတည်းက  ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ၃ လပြည့်တဲ့ ယနေ့ ဇွန်လ ၈ ရက်နေ့အထိ စီရင်ချက်မချသေးဘူးလို့သိရပါတယ်။

လက်ရှိ ဗန်းမော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အဆိုပါလူငယ်တွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၂၅ (က) စတဲ့ပုဒ်မတွေနဲ့ အကြမ်းဖက် စစ်အုပ်စုက တရားစွဲထားတာဖြစ်ပြီး  လူငယ်တချို့ကို  ပုဒ်မတွေ ထပ်တိုးလာနိုင်တယ်လို့ ဖမ်းဆီးခံလူငယ်တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“သူတို့ကို မတ်လ ၈ ရက်နေ့က ဖမ်းတာ ဒီနေ့ဆို ၃ လတင်းတင်းပြည့်ပြီ။ ဗန်းမော် အကျဉ်းထောင်မှာ အဆင်ပြေတယ်လို့တော့ တဆင့်စကားတွေကနေ ကြားရတာပဲ။ တွေ့ခွင့်ကတော့ ကိုဗစ်ခေါင်းစဉ်အောက်ကနေ ငြင်းပယ်ခံရတာပေါ့။ ပထမတပ်ထားတဲ့ပုဒ်မတွေအပြင် နောက်ထပ် ပုဒ်မတွေ ထပ်တိုးခံရနိုင်တယ်လို့ ကြားတယ်။ ဥပမာ ပုဒ်မ ၂၅ နဲ့ဖမ်းဆီးထားတဲ့သူတွေကို ပုဒ်မ ၅၀၅(က) တပ်လာနိုင်တယ်ပေါ့နော်။ ဘာပြောချင်လဲ ဆိုရင်တော့ ဒီအရေးတော်ပုံကို အောင်မြင်အောင်ဆက်ပြီး တိုက်ပွဲဝင်သွားကြရအောင်ပေါ့နော်။ အခု ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ ခေါင်းဆောင်‌ကြီးတွေအပါအဝင်ပေါ့နော်။ အားလုံးကို သူတို့က အငြိုးကြီးကြီးနဲ့ နှိပ်ကွပ်နေတာလေ။ အဲဒီတော့ ဒီတိုက်ပွဲကနိုင်မှကိုဖြစ်မှာ” လို့ ပြောပါတယ်။

ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီ ပါတီဝင်တွေ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၈ ဦးအထိရှိနေတာဖြစ်ပါတယ်။

3 months Ago
Up