close

ဖမ်းဆီးစစ်ဆေး

close

April 12, 2023

ကလိန်အောင် ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသူတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဖြူဟာ ဧပြီ ၁၀ ရက် ညက အချုပ်ခန်းထဲမှာ ပုဆိုးနဲ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဦးဖြူဟာ အခြား မြို့ခံတဦးဖြစ်သူ ဦးကိုလေးမြင့်နဲ့အတူ ဧပြီ ၈ ရက်မနက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး ကလိန်အောင်ရဲစခန်းမှာ စစ်ဆေးခံနေရတာပါ။

"မနေ့က (ဧပြီ ၁၁ ) မနက် ၁၀ နာရီလောက် ရင်ခွဲရုံကနေ အလောင်းကို အိမ်ပြန်သယ်လာတယ်။ ရင်ခွဲထားတာလွဲပြီး ကျန်တာ ထူးထူးခြားခြား ဒဏ်ရာတော့မတွေ့ရဘူး" လို့ ဦးဖြူရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

စျာပနကိုတော့ အဝေးရောက် မိသားစုဝင်တွေကို စောင့်နေရတာကြောင့် ဧပြီ ၁၃ ရက်နေ့ ကလိန်အောင်မြို့မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ မရှိပေမဲ့ စစ်ဆေးခံနေရစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် အခုလို အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။

ဦးဖြူ နဲ့ ဦးကိုလေးမြင့် တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီး စစ်ဆေးနေတာလို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဦးကိုလေးမြင့်ကိုတော့ ကလိန်အောင်နယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပါတယ်။

မတ်လက ဖမ်းဆီးခံထားရတဲ့ ကလိန်အောင်မြို့နယ်က အမျိုးသမီးငယ် ၂ ဦးလည်း ပြန်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

ကလိန်အောင်မြို့နယ်အတွင်း ရေး-ထားဝယ်လမ်းပိုင်းမှာ မတ်လအတွင်း စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရတာနဲ့ တံတးစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

4 mins Ago

November 22, 2022

ဖားကန့် မိုင်းပေါက်ကွဲမှု ရှဒူးဇွပ်ရွာသားအချို့ကို စစ်တပ်က ဖမ်းဆီးစစ်ဆေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာမှာ မိုင်းပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ ပြည်သူ့စစ် အဖွဲ့ ပေါင်းကာ ဒေသခံအချို့ကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ ရှဒူးဇွပ်ရွာသားတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်က  ရှဒူးဇွပ်ရွာက မိုးကောင်းချောင်းတံတားအနီးမှာ မိုင်းပေါက်ကွဲအပြီး စစ်တပ် နဲ့ ပြည်သူ့စစ်အဖွဲ့က နေအိမ်တွေကို လိုက်လံရှာဖွေကာ ဒေသခံ တချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးက  ပြောပါတယ်။

“မိုင်းက နှစ်လုံးပေါက်တာ။ မိုင်းပေါက်ပြီးတော့ တံတားနားက အိမ်တွေကို ရှာတယ်။ ၅ ဦးလောက် ဖမ်းခံရတယ်။ ၃ ဦး ပြန်လွှတ်ပြီး ၂ ဦးကတော့ ဒီနေ့ထိ ဖမ်းထားတယ်။” 

မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံ ၃ ယောက်ကို ပြန်လွှတ်ခဲ့ပေမဲ့ ဦးခရမ်ခါးဂျာနဲ့ ဦးမရန်လ ကို စံပြပြည်သူ့စစ်စခန်းမှာ ဖမ်းဆီးစစ်ဆေးတယ်လို့ သိရပါတယ်။

ဒေသခံတချို့ကို မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရှဒူးဇွပ်၊ စံပြနဲ့ အောင်ရာကျေးရွာတွေဟာ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုမှာ ပါဝင်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁,၇၀၀ ကျော်ရှိပြီး လူဦးရေ ၁၂,၀၀၀ ကျော် နေထိုင်ပါတယ်။

5 months Ago
Up