ပခုက္ကူအကျဥ်းထောင်ကနေ နိုင်ငံရေးနဲ့ မတရား ဖမ်းဆီးခံထားရသူ ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့အပေါ် ထောင်ပိုင်နဲ့ ထောင်တာဝန်ရှိသူတချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
ပခုက္ကူအကျဥ်းထောင်မှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံထားရသူတွေထဲက နိုင်ငံရေးအကျဉ်းသား ၅ ယောက် စက်တင်ဘာ ၉ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိသွားပြီလို့ PDF တပ်ဖွဲ့၀င်တယောက်က ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထောင်ပိုင်နဲ့အတူ ထောင်က တာဝန်ရှိသူတချို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ဒေသခံ နိုင်ငံရေး တက်ကြွသူတဦးက ပြောပါတယ်။
“သူတို့က ထောင်ကို အုတ်ရိုးကျော် ထွက်လာတာ၊ ၂ ယောက်က သင်တန်းဆင်းပြီးသား (PDF) တပ်ဖွဲ့၀င်တွေဖြစ်ပြီး ကျန်တဲ့ ၃ ယောက်က စစ်ကောင်စီကို တော်လှန်နေတဲ့ နိုင်ငံရေး တက်ကြွသူတွေ။ သူတို့လွတ်သွားပြီး စစ်ကောင်စီတပ်က ထောင်က တာဝန်ရှိသူ ၄၊ ၅ ယောက်ရယ်၊ တခြားသူတွေကို ကား ၄ စီးနဲ့ ခေါ်သွားတယ်။ မြို့ထဲဘက်ကို နောက်တော့ ထပ်ကြားရတာက စစ်တပ်ထဲကို ခေါ်သွားတယ်လို့ ထပ်ကြားရတယ်။ အနည်းဆုံး ကားတစီးကို လူ ၂၅ ယောက်လောက်ပဲ ထားအုံး၊ လူ ၁၀၀ လောက်ကို ဖမ်းခေါ်သွားတဲ့ပုံပဲ။ အဲဒါကတော့ ခန့်မှန်းတာပေါ့။ အဲဒီလူတွေကို သံခြေချင်းတွေလည်း ခတ်ပြီးမှ ခေါ်သွားကြတာ။ အခု ထပ်ကြားရတာကတော့ မျှော်စဥ်တာဝန်ကျ တပ်သားရဲမင်းဦး၊ CCTV တာဝန်ကျတဦး (အမည်နဲ့ရာထူး မသိ)၊ အဆောင်မှူး ထိန်ဝင်း၊ ထောင်မှုး အောင်နိုင်နဲ့ ထောင်ပိုင် သင်္ကြန်ဦးတို့ကို လတ်တလော ပခုက္ကူထောင်ထဲမှာပဲ စစ်ဆေးမေးမြန်းနေတယ်။”
သူတို့ ၅ ယောက်ဟာ အချုပ်သားအိပ်ဆောင် ဘာယာတန်းခြေကို ဖြတ်တောက် ဖောက်ထွက်ပြီး ပုဆိုးကွင်းနဲ့ ခြုံစောင်တွေအသုံးပြုကာ ထောင်အုတ်ရိုးကျော်ပြီး ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။
လွတ်မြောက်လာသူ ၅ ယောက်ကတော့ ပြစ်ဒဏ် ၃ နှစ် ကျခံနေတဲ့ စောထွန်းလင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျော်ရဲလွင်၊ ကောင်းညွန့်လူ၊ မျိုးလင်းအောင်နဲ့ ဝေဖြိုးသူတို့ ဖြစ်တယ်လို့ အကျဥ်းဦးစီး အသိုင်းအဝိုင်းက ပြောပါတယ်။