close

ဖမ်းဆီးထောင်ချ

close

March 23, 2023

ခင်ဦးလွှတ်တော်အမတ်၏ ဇနီးနှင့် သမီးတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး ထောင် ၃ နှစ်ချ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အန်အယ်လ်ဒီ လွှတ်တော်အမတ်ကို ဖမ်းမမိတဲ့အတွက်  ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး မတ်လ ၂၁ ရက်မှာ စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ လွှတ်တော်အမတ် အသိုက်အဝန်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီး ဒေါ်ခင်သန်းနု (ခ) ဒေါ်နီလာနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ နှစ်ဦးကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ) နဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဝင်းအောင်ကို စစ်ကောင်စီက ဖမ်းမမိတဲ့အတွက် သူ့ရဲ့ဇနီးနဲ့ သမီးတို့ကို  ဖေဖော်ဝါရီ ၂၄ ရက်မှာ ခင်ဦးမြို့ရှိ ဂန္ထဝင်တောက်ကြီး လက်ဖက်ရည်ဆိုင်အနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောပါတယ်။

“စစ်ကောင်စီလုပ်ရပ်တွေကို ဘာမှပြောချင်စိတ်တောင် မရှိတော့ဘူး။ စစ်ကောင်စီကတော့ အလုံးစုံ တရားလက်လွတ်စပယ် လုပ်နေတယ်ဆိုတာလည်း မင်းတို့တတွေလည်း အသိဆုံးပဲ။ သူတို့ကို တော်လှန်ခြင်း၊ မတော်လှန်ခြင်း ဆိုတာထက် အခုလို နိုင်ငံရေးလုပ်တဲ့ မိသားစုဝင်တွေမှ မဟုတ်ဘူး၊ အရင်က အသိမိတ်ဆွေတွေကိုတောင် ပုဒ်မအမျိုးမျိုးတပ် မတရားဖမ်းဆီး ထောင်ချနေတဲ့ စစ်ကောင်စီတွေပဲလေ။ မတရားဆောင်ရွက်တာ၊ မတရား လူ့အခွင့်အရေးချိုးဖောက်တာ၊ ဥပဒေနဲ့ မသက်ဆိုင်တဲ့သူတွေကိုလည်း ထင်သလို လုပ်နေတာလို့ပဲ ပြောရတော့မယ်။”

ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးတို့ကို ထောင်ဒဏ်ချပြီးနောက် ရွှေဘိုအကျဉ်းထောင်ကို ပို့လိုက်ပြီလို့ ဒေသခံ တက်ကြွလှုပ်ရှားတဲ့ လူငယ်တဦးက ပြောပါတယ်။

“စစ်ကောင်စီက သူတို့ကို ယောကျ်ားပုန်ကန်ရင်လည်း မိန်းမ၊ သားသမီး၊ ဆွေမျိုးအသိုက်အဝန်းပါ အခုလို သူတို့ထင်သလို ဖမ်းလို့ရတယ်။ အဲလို ပြည်သူကို Message ပေးပြီး အကြောက်တရား သွင်းတာပဲဗျ။ သူတို့ အကြောက်တရားသွင်းတိုင်း ကျနော်တို့ ခင်ဦးဒေသခံတွေကျတာ့ ဖြစ်လာမယ်မဟုတ်ဘူး။ တက်ကျိုးရင် လက်နဲ့လှော်မယ်။ ဒီစစ်အာဏာရှင်ကို အဆုံးအထိ တော်လှန်နေကြဦးမယ်။”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ခင်ဦးဒေသခံ အပြစ်မဲ့ပြည်သူ ၁၅၀ လောက်ကို ဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်တာတွေ ရှိတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဒေါက်တာဝင်းအောင်ဟာ ၁၉၈၂ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါက်တာဝင်းအောင်ဟာ မိသားစုကိုစွန့်ခွာပြီး လွတ်မြောက်‌နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ စစ်ကောင်စီက အခုလို မိသားစုဝင်တွေကို ဓားစာခံအဖြစ် မတရားဖမ်းဆီးပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။

9 mins Ago

November 7, 2022

အာဏာသိမ်းစစ်ကောင်စီက သံဃာအပါး ၂၀ ကျော်ကို အဓမ္မ ဖမ်းဆီးထောင်ချ၊ နှိပ်စက်ညှဉ်းပန်း

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဟန်းသံဃာ အပါး ၂၀ ကျော်ကို စစ်တပ်က အဓမ္မ ဖမ်းဆီးထောင်ချထားပြီး စစ်ကြောရေးမှာလည်း ရိုက်နှက် စစ်ဆေးခံရလို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ သံဃာတော်တွေ ရှိတယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်ကနေ သိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ အချိန်မှာလည်း သံဃာတော်တချို့ကို ထောင်ဝင်စာပေးမတွေ့တာ၊ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းတာတွေအပြင် ပဲခူးမြို့ အောင်ရတနာကျောင်းတိုက်က ဆရာတော်တပါးလည်း စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခဲ့လို့ ပျံလွန်တော်မူတဲ့သတင်းတွေကြားနေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ အရှင်တေဇာနန္ဒက မိန့်ပါတယ်။

“ဖမ်းဆီးတဲ့သူတွေဟာ အဓမ္မဝါဒကို ဆုပ်ကိုင်ထားတဲ့ အဓမ္မဝါဒီသမားတွေဖြစ်ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဘယ်သူမဆို စစ်ကောင်စီက ဖမ်းဆီးထောင်ချမှာဖြစ်သလို ဓမ္မဝါဒပေါ် ရပ်တည်ပြီး ပြည်သူလူထု ဆင်းရဲဒုက္ခက လွတ်‌အောင် ကြိုးပမ်းခဲ့တဲ့ သံဃာတွေလည်း အခုလို ဖမ်းဆီးခံနေရတာဖြစ်တယ်။”

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော် တချို့ကလည်း လွတ်မြောက်ရာ နေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင် သီတင်းသုံးခဲ့ရပါတယ်။

အဲဒီထဲက မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသ ကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သီတင်းသုံးနေထိုင်ခဲ့ရကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က နှလုံးသွေးကြောပိတ်ရောဂါနဲ့ မဲဆောက်ဆေးရုံမှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။

5 months Ago
Up