close

ဖမ်းဆီးပစ်သတ်

close

August 27, 2021

ရွှေဘိုမြို့နယ်၌ ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းအုပ်စု၊ ဂုဏ်တန်ကျေးရွာသား ၁ ဦးကို ဩဂုတ် ၂၆ ရက်ည ၉ နာရီလောက်က စစ်ဆေးမေးမြန်းတာ မဖြေလို့ဆိုပြီး စစ်တပ်က သင်္ချိုင်းကုန်းကိုခေါ်ကာ  သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူဟာ အသက် ၃၅ နှစ်ရှိ ကိုရန်အောင်စိုးဖြစ်ပြီး သူ့အိမ်ထဲမှာ လက်နက်ရှိ တယ်ဆိုကာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက်  ပစ်သတ်ခံရတာလည်း ဖြစ်ပါတယ်။

ဒေသခံ တစ်ဦးက  “သူက တိမ်းရှောင်နေတာကြာပြီ။ ရွာပြန်ရောက်တာ သုံး၊ လေးရက်ပဲရှိသေးတာ။ မိသားစု စားဝတ်နေရေး မပြေလည်တော့ သူ့မိသားစုက ပြန်ခေါ်လို့ ပြန်လာတာ။ မနေ့ကတော့ စစ်တပ်က မေးစရာရှိလို့ ဆိုပြီးခေါ်သွားတာ ည ၉ နာရီလောက်ကြတော့ ဂုဏ်တန်သင်္ချိုင်းကုန်းကို ခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်လိုက်ကြတယ်”လို့ ပြောပါတယ်။

အခုလိုမျိုး စစ်တပ်က ဖမ်းဆီးစစ်ဆေးပစ်သတ်တာ ဂုဏ်တန်ကျေးရွာက နှစ်ဦးရှိသွားပြီလို့ သိရပါတယ်။

ပလိုင်းရွာမှာ စစ်တပ်က တပ်စွဲထားတာ နှစ်လလောက်ကြာပြီဖြစ်လို့  တချို့လယ်သမားတွေ လယ်မလုပ်ရတာကြောင့်  လယ်လုပ်သားတွေဟာ စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာအတွင်း လူမရှိတဲ့နေအိမ်တွေက စပါးတွေကိုလည်း နေ့စဉ်သယ်ယူ နေကြလို့ စပါးတစ်သောင်းလောက်ကုန်သွားပြီလို့‌လည်း ဒေသခံတွေက ဆိုပါတယ်။

11 mins Ago
Up