စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အများအပြားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၁ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိထားတယ်လို့ ထီးချိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။
မူးယစ်ဆေးတွေဟာ ရှမ်းပြည်တောင်ပိုင်းကနေ သယ်ဆောင်လာတာဖြစ်ပြီး မြစ်ကြီုးနားမြို့ကို ပို့ဆောင် ဖြန့်ဖြူးရောင်းချဖို့ ဖြစ်တယ်လို့လည်း သယ်ဆောင်လာသူတွေက ပြောတယ်လို့ ဆိုပါတယ်။
ထီးချိုင့်မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက “လူ ငါးယောက် ဆိုင်ကယ် ငါးစီးနဲ့သယ်လာတာကို ရှောင်တခင် စစ်ဆေးရာကတွေ့တာ။ ကာလတန်ကြေးနဲ့ဆိုရင် သိန်းပေါင်း ခြောက်ထောင် ကျော်ရှိမယ်။ ဘိန်းဖြူတွေပါ။ အရေအတွက်နဲ့ ဆိုရင် ဆပ်ပြာခွက် ၆၆၀ ခွက် ဖမ်းမိတာပါ။ မြို့နယ်ပလဖအဖွဲ့ထံ တရားဝင် လွှဲပြောင်း အပ်နှံထားပါတယ်”လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေဟာ မုံးကိုးမြို့နယ်နေ မောင်လခမ်း (၂၃ နှစ်)၊ မောင်ခေါင်ဟောင်း (၂၉) နှစ်၊ မောင်လွမ်းချင်း (၃၃ နှစ်)၊ လားရှိုးမြို့နယ်နေ မောင်ဇော်ဆိုင်း (၂၅ နှစ်)နဲ့ မောင်အောင်မြင်အသက် (၂၅ နှစ်)တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို NUG အစိုးရရဲ့ တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထီးချိုင်နယ်ပလဖ တာဝန်ရှိသူက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ကနေ မြန်မာဘက်ခြမ်းကို တရားမဝင်သယ်ဖို့ လုပ်ထားတဲ့ ဆိုင်ကယ် ၁၅ စီးကို မယ်ဆိုင်ချောင်းနားမှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai press သတင်းဌာနက ဖော်ပြပါတယ်။
မေ ၅ ရက် ည ၁ဝ နာရီလောက်က နယ်စပ်လုံခြုံရေးဆောင်ရွက်နေစဥ် ဒေသခံတွေရဲ့ သတင်းပေးချက်အရ မယ်ဆိုင်ချောင်းနားက နေအိမ် တအိမ်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာကနေ လိုင်စင်မဲ့ ဆိုင်ကယ် ၁၅ စင်းကို ဖမ်းဆီးရမိခဲ့တာပါ။
ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ပြည်နယ်၊ ဝိုင်ဖန်းခမ်းလမ်းထဲက နေအိမ်တအိမ်မှာ မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို သယ်ယူမယ့် လိုင်စင်မဲ့ဆိုင်ကယ်တွေ ရောက်နေတယ်လို့ သတင်းရတဲ့ အတွက် သွားရောက်စစ်ဆေးရာ အမျိုးသား တဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ် ၁၅ စင်း၊ စိတ်ကြွဆေးပြား ၃ ပြားတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တယ်ဆိုင်ကယ်တွေနဲ့အမျိုးသားကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ နယ်မြေခံရဲစခန်း ကို ပို့ဆောင်ထားတယ်လို့ သိရပြီး မေ ၁ ရက်ကလည်း တရားမဝင် ဆိုင်ကယ် သယ်ယူဖို့ ကြိုးစား တဲ့ မြန်မာ တဦးကို မယ်ဆိုင်ချောင်းအစပ်မှာ ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပါတယ်။
Source - Maesai Press