close

ဖမ်းဆီး ငွေညှစ်

close

April 26, 2023

ကော့သောင်းခရိုင်တွင် ရှမ်းကိုးရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေညှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကျေးရွာသားတွေကို ပိုက်ဆံပေးပြီး ပြန်လည်ထုတ်ယူခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ‌ဧပြီ ၂ဝ ရက်နဲ့ ၂၁ နေ့အတွင်း ရှမ်းကိုးရွာဒေသမှာရှိတဲ့ ကျေးရွာနေပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က စစ်‌ဆေးဖို့ရှိတယ်လို့ဆိုပြီးဖမ်း ဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖမ်းဆီးခံရသူ ၇ ဦးကို စစ်ကောင်စီတပ်က ကျပ်ငွေ ၄ သိန်း အဓမ္မတောင်းကာ ပြန်လည်ထုတ်ယူခိုင်းနေတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက"ရွာက ရပ်မိရပ်ဖတွေကနေ ညှိနှိုင်းပြီးတော့ သွားထုတ်တာပါ။ ‌ ပိုက်ဆံနဲ့ ပြန်ရွေးပြီး ထုတ်လိုက်ရတယ်။ တယောက်ပဲ ထုတ်လို့ရသေးတယ်။ ကျန်တဲ့သူတွေကိုလည်း ထုတ်ယူဖို့ ပြောယူရတုန်းပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၇ ဦးနက် အမျိုးသားတယောက်ကို  ‌ကျေးရွာရှိ ရပ်မိရပ်ဖတွေကနေ သွားရောက်ထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။ ဒေသခံ ၂ ဦးကိုတော့ ကော့သောင်းမြို့ရဲစခန်းမှာ ဆက်လက် ထိန်းသိမ်းထားပြီး  ကျန်ရှိတဲ့သူတချို့ကို စစ်ကောင်စီရဲ့ စရဖရုံးမှာလည်း ထိန်းသိမ်းထားပါတယ်။

ခမောက်ကြီးမြို့ ရှမ်းကိုးရွာဒေသကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်လာပြီး အကြောင်းမဲ့ဖမ်းဆီး စစ်ဆေးနေတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရွာအနီးရှိ ဥယျာဉ်ခြံအလုပ်သမား ၁ ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားပါတယ်။

12 hours Ago

March 16, 2023

ရန်ကုန်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးငွေညှစ်

ရန်ကုန်မြို့မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လူငယ်တွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီး ကျပ်ငွေ ၂ သိန်းနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အခုလ ပထမပတ်လောက်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေသာမက ကမာရွတ်မြို့နယ်လို မြို့တွင်းပိုင်းကျတဲ့ ရပ်ကွက်တွေအတွင်း ဝင်ရောက်ကင်းလှည့်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ရပ်ကွက်အတွင်းမှာ ညပိုင်း ဖြတ်သန်းသွားလာသူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးနေတာပါ။

အင်းစိန်မြို့ခံတဦးက “ရပ်ကွက်တွေထဲဝင်ပြီး လမ်းထိပ်မှာထိုင်နေတဲ့ လူငယ်တွေ၊ လမ်းသွားလမ်းလာလုပ်နေတဲ့ လူငယ်တွေကို ဖမ်းနေကြတာ။ နောက်နေ့ကျတော့ တယောက်ကို ၂ သိန်းနဲ့ ပြန်ရွေးပါဆိုပြီး ငွေညှစ်တယ်။ အခုနောက်ပိုင်း လူတွေကိုပဲ လိုက်ဖမ်းနေတာ” လို့ ပြောပါတယ်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၇ ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ယာ လမ်းထိပ်မှာလည်း မတ်လ ၁၅ ရက် ညပိုင်းက အရက်သောက်နေတဲ့ လူအုပ်စုတွင်းက အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလလောက်အထိ ရန်ကုန်မြို့မှာရှိတဲ့ ဆိုင်ကယ်စီးနင်းသူတွေကို နေ့စဉ် ဖမ်းစီးတာတွေ ပြုလုပ်ခဲ့ပြီး သူတို့နဲ့ နီးစပ်သူတွေကတဆင့် ဆိုင်ကယ်တွေကို ပြန်လည်ရောင်းချပြီး ငွေရှာခဲ့ပေမဲ့ အခုအခါ လူတွေကိုပဲ ဖမ်းဆီးပြီး ငွေရှာတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

1 month Ago
Up