၁၉၉၈-၉၉ ကိုဆိုဗိုစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ကလေးအရေအတွက်ကို အမှတ်ရနေတဲ့အနေနဲ့ ကိုဆိုဗိုနိုင်ငံ တဝန်းလုံးမှ ကလေး ၁၁၃၃ ဦးဟာ မြို့တော်ပရစ်တီနာမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဖယောင်းတိုင်တွေကို ထွန်းညှိခဲ့ကြပါတယ်။
အဲဒီကလေးငယ်တွေကို ဆုံးရှုံးရတာဟာ နိုင်ငံရဲ့လွတ်လပ်မှုအတွက် ကိုဆိုဗိုရဲ့ အကြီးမားဆုံး စွန့်လွှတ်အနစ်နာခံမှု ဖြစ်ကြောင်း ကိုဆိုဗိုနိုင်ငံရဲ့ ၁၅ နှစ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားမှာ သမ္မတ ဂျိုဆာ အိုစ်မာနီ က ပြောကြားခဲ့ပါတယ်။
ကိုဆိုဗိုဟာ ၁၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်က မြို့တော် ပရစ္စတီနာမှာ ထောင်နဲ့ချီတဲ့ စစ်သားတွေ၊ ရဲတွေ ချီတက်ပွဲ ကျင်းပပြီး ဆင်နွှဲခဲ့ကြတာပါ။
ကိုဆိုဗိုစစ်ပွဲအတွင်း လူပေါင်း ၁၃၀၀၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ အယ်လ်ဘေးနီးယား လူမျိုးတွေ ဖြစ်ကြပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း လူမျိုးစုစစ်ပွဲတွေကြောင့် အထိနာနေဆဲ ဒေသမှာ တည်ငြိမ်ဖို့ သော့ချက်ဖြစ်တဲ့ ဆားဘီးယားနဲ့ ပုံမှန်သဘောတူညီချက်တစ်ခုရဖို့လည်း မျက်စိဖွင့် နားစွင့် လုပ်နေရဆဲပါ။
ဖိနှိပ်ချုပ်ချယ်တဲ့ ဆားဘီးယားအုပ်စိုးမှုကို ဆန့်ကျင်အုံကြွမှုအပြီး ဆယ်စုနှစ်တခုနီးပါးအကြာမှာ ကြေညာခဲ့တဲ့ ကိုဆိုဗိုနိုင်ငံရဲ့ လွတ်လပ်ရေးကို လက်ခံဖို့အတွက် ဘဲလ်ဂရိတ်အစိုးရဟာ ကိုဆိုဗိုမြောက်ပိုင်းရှိ လူနည်းစုဆာ့ဘ် ၅ သောင်းရဲ့ ငြင်းဆိုမှုကို ဆက်ထောက်ခံ အားပေးနေတာ ကြောင့် ဆားဘီးယားနဲ့ တင်းမာမှုတွေ တရစ်ဝဲဝဲ ရှိနေဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အစွန်က ဓမ္မကာယဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင် ၂၄ ရက်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးပုံ အကွက်ချပြီး ထောင်သောင်းချီတဲ့ ဖယောင်းတိုင်တွေနဲ့ မီးထွန်းညှိ ပူဇော်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ပြည်သူတွေကို စိတ်ခွန်အားပေးဖို့နဲ့ သံဃာရတနာ ပေါ်ထွန်း တဲ့ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် ပူဇော်တာလည်း ဖြစ်ပါတယ်။
မြတ်စွာဘုရားက ပဉ္စဝဂ္ဂီ ငါးပါးကို တရားဟောရာက ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ပေါ်ထွန်းလာတာကို ရည်စူးပြီး ဖယောင်းတိုင် စုစုပေါင်း ၃ သိန်းခွဲကို ထွန်းညှိ ပူဇော်ခဲ့တာပါ။
အဖြူရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ထောင်သောင်းချီတဲ့ ဝတ်ပြုသူတွေနဲ့ ကမ္ဘာတလွှား က သံဃာတော်တွေလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် အွန်လိုင်းကနေ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာ ခုလိုစိတ်ဖိစီးမှု များတဲ့ကာလမှာ ပြည်သူတွေအတွင်း စိတ်ငြိမ်းချမ်းမှုကို ရှာဖွေရာမှာ ကူညီမယ်လို့ မျှော်လင့်တယ်လို့ ဝပ်ဖရာ့ ဓမ္မကာယ ဘုန်းတော်ကြီးကျောင်း ဆက်ဆံရေးဌာန ညွှန်မှူး ဘုန်းတော်ကြီး ဆာနစ်ဝုန် ဝူထိဝမ်စိုက မိန့်ကြားပါတယ်။
ဒီဘုန်းတော်ကြီးကျောင်းဟာ ကိုဗစ်နိုင်-၁၉ ကပ်ရောဂါ စတည်းက ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်တိုင်းမှာ ဖယောင်းတိုင်တွေကို ပုံစံ အမျိုးမျိုး ထွန်းညှိ ပူဇော်ခဲ့တာပါ။
ဧပြီ ၂၂ ရက်က မြေကမ္ဘာနေ့မှာလည်း ကမ္ဘာကြီးပုံကို ဖယောင်းတိုင် အများဆုံး ထွန်းညှိ ခင်းကျင်း ပြသခဲ့လို့ ဂင်းနစ်ကမ္ဘာ့စံချိန် ဝင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အပြင်းထန်ဆုံးနဲ့ ကာလအကြာဆုံး ကိုဗစ်-၁၉ ကူးစက်မှု လှိုင်းကို ရင်ဆိုင်နေရပါတယ်။
ဇူလိုင် ၂၄ ရက်က တရက်တည်းမှာ ကူးစက်ခံ လူနာသစ် ၁၄၂၆၀ ရှိခဲ့ပြီး ကူးစက်ခံ ၁၁၉ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံထားပါတယ်။