ရှမ်းနဲ့ကရင်နီ(ကယား) ပြည်နယ်စပ်မှာ မေ ၁၂ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတွေဖြစ်တဲ့ ဟိုပန်၊ လင်လန်၊ တောင်ပို့ကွဲ၊ တောင်ပို့ကြီး၊ နားဟီး၊ နားကုံး၊ နမ့်တုတ်၊ မတ်ဆုမ့်ခွန်၊ လွိုင်နွဲ့၊ လဟယ် အစရှိတဲ့ ကျေးရွာ ၂၀ ကျော်က ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
စစ်ရှောင်တွေဟာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေ၊ လွိုင်ကော်မြို့နယ် ပိန်းချစ် ကျေးရွာအုပ်စုတွေနဲ၊ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ခေါင်အိ၊ ရေလုံရေကန်၊ ယဉ်နွှဲ အစရှိတဲ့ ကျေးရွာအုပ်စုတွေမှာ သွားရောက်ခိုလှုံနေသူတွေအတွက် နေရာထိုင်ခင်းနဲ့ အစားသောက်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ခွန်းရာဇာမောင်က ပြောပါတယ်။
“အခုက သူတို့နေရာထိုင်ခင်းတွေ မလုံလောက်တော့ဘူးပေါ့နော်။ ဒီဘက်မှာ အစကတည်းက ဒီးမော့ဆို စစ်ရှောင်တို့ ဘာတို့က နဂိုကတည်းက ရှိနေပြီးသား၊ သူတို့ ထပ်ရောက်လာတော့ အမိုးအကာ၊ စောင်၊ ခြင်ထောင်တို့ အဲလို မိုးလည်းရွာတော့ ဆေးဝါး၊ နေရာထိုင်ခင်း အစားသောက်ပေါ့။ အစားသောက်ကတော့ ကျနော်တို့ နိုင်သလောက်တော့ ကူနေတာပေါ့နော်၊ ဒါပေမယ့် အခုက ပြတ်နေပြီပေါ့နော်။ နဂို သူတို့မလာခင်ကတည်းက စစ်ဘေးရှောင်အများအပြား ရှိနေတယ်၊ သူတို့ ထပ်ရောက်လာတော့ အဲဒီလို ဖြစ်တာပေါ့။”
အလားတူ လွိုင်ကော်မြို့နဲ့ ၁၈ မိုင်လောက်ဝေးတဲ့ ရှမ်းနယ်စပ် ပိန်းချစ်ကျေးရွာမှာလည်း ဖယ်ခုံအရှေ့ခြမ်းက စစ်ရှောင် ၁၀၀၀ ကျော် ရောက်ရှိ ခိုလှုံနေတယ်လို့ ပိန်းချစ်ကျေးရွာ သီရိမင်္ဂလာကျောင်းက ဆရာတော် ဦးကောဝိဒ က မိန့်ပါတယ်။
“စစ်ရှောင်တွေက ၁၂ ရက်နေ့ကတည်းက ရောက်လာတာ၊ ပိန်းချစ်ကျောင်းနဲ့ ပိန်းချစ်ရွာထဲက စာသင်ကျောင်းထဲမှာကော၊ ဆေးခန်းမှာကော ထားပေးတယ်။ နောက်တော်တော်များများ အိမ်တွေမှာလည်း ထားပေးတယ်။ အုလောလောဆယ်တော့ ၉၀၀ ကျော်ရှိသွားပြီ။ မနေ့က စာရင်းက ၉၇၆ ဦး၊ ဒီနေ့က စာရင်းထပ်ကောက်ရမယ်။ ဦးဇင်းကတော့ ကျောင်းအောက်မှာရော၊ ကျောင်းပေါ်မှာကောထားတယ်။ သူတို့မိသားစုနဲ့ သူတို့ ချက်စားကြတာပေါ့နော်။ ဦးဇင်းတို့က အလှူရှင်တွေဆီကနေ လှူလာတဲ့ ဆန်တွေရော၊ ဟင်းသီးဟင်းရွက်တွေကော ထုတ်ပြီးတော့ ဝေပေးနေတယ်။”
ပိန်းချစ်ရွာမှာ လူဦးရေများတဲ့အတွက် လတ်တလောက်မှာတော့ သောက်သုံးရေနဲ့ စားစရာ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဖယ်ခုံမြို့နယ်အရှေ့ခြမ်း လဟယ်ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင် အမျိုးသမီးလူငယ်တဦးက “သေနတ်သံတွေကြားရလို့ ကြောက်လို့ပြေးလာရတာရှင့်။” လို့ ပြောပါတယ်။
လဟယ်ကျေးရွာမှာ အိမ်ခြေ ၉၀ လောက်ရှိပြီး လက်ရှိအမျိုးသမီးနဲ့ကလေးငယ်တွေက ထွက်ပြေး တိမ်းရှောင်နေကြရပြီး တချို့ကတော့ အိမ်စောင့်အနေအနဲ့ ကျန်ခဲ့ကြပါတယ်။
မေ ၁၂ ရက်က ဖယ်ခုံ၊ ညောင်ရွှေနယ်စပ်က ထီရိရွာက စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ ဗိုလ်မှူးတယောက် အပါအဝင် ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ နောက်ပိုင်းကပြီး အဆိုပါ ဖယ်ခုံအရှေ့ဘက်ခြမ်းမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး မေ ၁၆ ရက်ကလည်း ဆောင်နန်းခဲကျေးရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကရော၊ ပြည်သူ့ကာကွယ်ရေး တပ်ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရှောင်တွေကို သွားခေါ်တဲ့ ကက်သလစ်ဘုန်းတော်ကြီး ၂ ပါးအပါအဝင် ၅ ဦးနဲ့ ကား ၄ စီးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဖယ်ခုံကက်သလစ်သာသနာနယ် မိုဗြဲစေတမန်ဗဟိုကျောင်းက ကျောင်းထိုင်ဆရာတော် Fr.John Paul Lwel ၊ တောင်ကြီးကက်သလစ်သာသနာနယ် ဘုရားဖြူမှာရှိတဲ့ Little Way ဘုန်းကြီး သင်တန်းကျောင်း ကျောင်ထိုင် Fr.John Bosco၊ ကားဒရိုင်ဘာ ၂ ဦးနဲ့ ကျောင်းသား ၁ ဦးတို့ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်း ဖယ်ခုံမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖယ်ခုံဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာမယ့်သူတွေကို သွားရောက်ခေါ်ဆောင်စဉ် တောင်ကြီးအနီး မော်ဘီဂိတ်မှာ ဖမ်းဆီးခံရတာလို့ ဖယ်ခုံသာသနာနယ်မှ ဖာသာ ဘော့စကိုက မိန့်ပါတယ်။
“သူတို့က တောင်ကြီးကနေ လယ်ထွန်ရွာမှာရှိတဲ့ ဘာသာတူတွေကို သွားခေါ်မလို့ ကားက ခါလီပေါ့၊ ကားတယောက်တစီး မောင်းပြီးတော့မှ ဆင်းသွားကြတာ။ အဲဒီဂိတ်မှာ ဖြတ်လို့မရဘူးဖြစ်နေတာ။ ပုံတွေဘာတွေကြည့်ပြီးမှ ဖုန်းတွေမှာပါတဲ့ ဓာတ်ပုံတချို့ကို ကြည့်ပြီးမှ ပေးမဖြတ်တော့ဘူး။ တောင်ကြီးမှာ ပြန်ခေါ်သွားပြီးတော့ စစ်ဆေးနေတယ်။ တယောက်ပြီး တယောက်ပေါ့၊ ဒီနေ့အထိပဲပြောတယ်။ သူတို့စစ်ဆေးနေတယ်၊ ဘုန်းကြီးဖုန်းထဲမှာရော၊ ကားသမား ဖုန်းထဲမှာရော မသင်္ကာတဲ့ပုံတွေ၊ ငြိစွန်းမှုရှိတဲ့ ပုံတွေ၊ အဲဒါရှိလို့ သူတို့မေးနေတယ်။ စစ်ဆေးနေတယ်ပြောတယ်။”
သူတို့တွေကို တောင်ကြီး စစ်ဆေးရေးနေရာတခုမှာ ခေါ်ယူစစ်ဆေးနေပြီး ဒီနေ့အထိတော့ ရဲစခန်းကိုပို့ပြီး အမှုဖွင့်တာ မရှိသေးဘေူးလို့ ဆိုပါတယ်။
ဘုန်းတော်ကြီးတွေ ဖမ်းဆီးခံရတဲ့ မော်ဘီဂိတ်ဟာ စစ်ကောင်စီတပ်နဲ့ PNO (ပအိုဝ့်ဖြူ) လက်နက်ကိုင်အဖွဲ့တွေ ချထားစစ်ဆေးနေတဲ့ ဂိတ်ဖြစ်တယ်လို့လည်းပြောပါတယ်။
မိုးဗြဲမြို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုရဲ့ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင်နေကြရပြီး တောင်ကြီးဘက်ကို စစ်ရှောင်လာမယ့် ဘာသာဝင်တချို့ကို သွားရောက်ခေါ်ဆောင်စဉ် အခုလို ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။
သူတို့ အမြန်ဆုံးပြန်လွတ်လာဖို့အတွက် ကက်သလစ်သာသနာ အကြီးအကဲတွေလည်း ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။