ဖယ်ခုံတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ယောက်ကို အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြု အလေးပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ရှေ့ဆက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၃) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ အရှေ့ဖက်ကမ်းဒေသဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေကို KNDF တပ်ရင်းအမှတ် (၃)၊ ဖယ်ခုံ PDF တပ်ရင်း (၂) နဲ့ အလယ်ပိုင်းတိုင်း PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့ တပ်ရင်းအမှတ် (၃) က ရဲဘော် ၂ ယောက်နဲ့ ဖယ်ခုံ PDF က ရဲဘော် ၁ ယောက် ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်တွေကို လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်။
ကရင်နီပြည်နယ်ဟာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာမို့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ဖို့ လက်နက်လိုအပ်ချက်အတွက် KNDF တပ်ရင်းအမှတ် (၃) က ပထမဆုံး ပြုလုပ်တဲ့ “လူထုလက်ဆောင် AK ကျည် ၅၀၀၀” ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့နိုင်ကြဖို့လည်း ပြည်သူတွေကို ဖိတ်ခေါ်ထားပါတယ်။
ပါဝင်ထောက်ပံ့ကူညီလိုတဲ့ ပြည်သူတွေအနေနဲ့ မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ၂၀၀၀၀ ကျပ်နဲ့ ပါဝင်နိုင်မှာဖြစ်ပြီးတော့ သတ်မှတ်မဲအစောင်ရေ ၁၅၀၀ သာရောင်းချသွားမှာဖြစ်ကာ KNDF တပ်ရင်းအမှတ် (၃) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
ရှမ်းကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးအပါအဝင် ၁၉ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းဆီးရမိသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။
မတ်လ ၁၁ ရက်မနက်အစောပိုင်းက ကုရင်ကျေးရွာအုပ်စုတောင်ကြားကို စစ်ကောင်စီတပ်တွေ ရောက်ရှိနေတယ်လို့ သတင်းရလို့ ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ မဟာမိတ်အင်အားစုတွေ တောနင်းရှာဖွေခဲ့ပြီး မနက် ၁၀ နာရီခွဲမှာ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဖယ်ခုံမြို့ရှိ စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီးပစ်ကူပေးနေတာကြောင့် ခက်ခက်ခဲခဲ တိုက်ဆင်စစ်ခဲ့ရပြီး ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီဘက်က အထိနာကာ ထွက်ပြေးမှုတွေရှိခဲ့ပြီး ထိုနေ့အတွင်း စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းဆီးရမိသလို PDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၁၂ ရက်မှာ ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ ကရင်နီတပ်ပေါင်းစုက တိုက်ပွဲ ဖြစ်ရာနေရာတွေမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် တပ်သား အလောင်း ၁၉ လောင်းနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိမိတယ်လို့ဆိုပါတယ်။
ည သန်းခေါင်အချိန်တွင် တောလမ်းတစ်နေရာမှာ ကင်းထောက်ချထားတဲ့ PDF တပ်ဖွဲ့တွေနဲ့ တပ်ဆုတ်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားကာ ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ၂ ဦး ကျဆုံးသွား တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ အာပီဂျီ ၂ လက်၊၆၀ မမ စိန်ပြောင်း ၁ လက်၊ကွန်မဒိုပြောင်း ၂ လက်၊MA 1-၊MA2၊ MA-3 ၇ လက်၊စနိုက်ပါ ၁ လက်၊ 9mm ၁ လက်၊ ငါကြင်းမီး ၁ လက်၊ အထိုင်စက် ၂ လုံး၊ ကျည်ဘောက် ၃၀ ခု၊ လက်ပစ်ဗုံး ၁၀ လုံး၊ နင်းမိုင်း ၁၀ လုံး၊ အီနာဂါ ၂၀ လုံး ၊ အာပီဂျီအသီး အလုံး ၃၀ ၊ ၅.၅၆ကျည် ၃ ထောင် ၊AKကျည် ၅၀၀ နဲ့ ငါးကြင်းမီးကျည် ၁၅၀၀ ကို သိမ်းဆည်းရရှိခဲ့တာပါ။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲမှာ ပြည်သူ့အားနဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်း ဆက်လက်ပံ့ပိုးပေးကြဖို့ ဖယ်ခုံ PDF တပ်ရင်း ၂ က တောင်းဆိုထားပါတယ်။