ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ နယ်မြေရှင်လင်းရေး ပြုလုပ်စဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး PDF ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကထုတ်ပြန်ပါတယ်။
ဧပြီ ၂၇ ရက် မနက် ၉ နာရီခွဲလောက်က ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တပ်ခွဲ (၃) JPDF မှ ရဲဘော် ၁ ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တာဝန်ရှိသူက ပြောပါတယ်။
"တိုက်ပွဲ ဖြစ်ထားတာတော့ နည်းနည်းကြာပြီ။ စကစ တပ်စွဲထားတဲ့နေရာကို ကပ်ရင်း သူတို့ ဆုတ်သွားတဲ့ အချိန်မှာ နယ်မြေရှင်းလင်းရေး လုပ်တာ။ မိုင်းက စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းပါ။ ရဲဘော်က အသက်တော့ မစိုးရိမ်ရပါဘူး။ ခြေထောက်ဖြတ်ရဖို့ များတယ်" လို့ ဒီဗွီဘီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU (Commando) တပ်ခွဲ မှ ရဲဘော် ၁ ဦး ကုန်းသာကျေးရွာမှာ မိုင်ရှင်းလင်းရေး လုပ်ဆောင်ရင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ရှမ်း-ကယားနယ်စပ်၊ ပင်လောင်းမြို့နဲ့ ဖယ်ခုံနယ်စပ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ခဲ့တဲ့ ကျေးရွာကို နယ်မြေရှင်းရေးပြုလုပ်စဉ် ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁ က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်ခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံးရွာ ကြားရှိ လယ်ခြားကျေးရွာကို KNDF တပ်ရင်း ၁၁ က ရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်စဉ် လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံထားရသူလို့ ယူဆရပြီး လက်နောက်ပြန်ကြိုးတုတ်လျက် မျက်လုံးနှစ်လုံး အထုတ်ခံထားရကာ ဦးခေါင်းပွင့်ထွက် သေဆုံးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လယ်ခြားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၂၅ ရက်ထိ တပ်စွဲနေထိုင်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေအတွင်း အထိနာကာ တောင်မဲသင်းရွာဘက်ကို ညပိုင်းမှာ ဆုတ်ခွာသွားတာကြောင့် အဆိုပါအမျိုးသားကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သေဆုံးနေတဲ့ အမျိုးသားနဲ့ ပတ်သက်ပြီး အမည်၊ နေရပ်လိပ်စာတွေကို စုံစမ်းမရတာကြောင့် ရဲဘော်တွေကပဲ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးဝန်းကျင်ရွာတွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ လူသားတံတိုင်းအဖြစ် ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို ကျူးလွန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာများအနီးရှိ ကျေးရွာတွေကို အသွားအလာ မပြုလုပ်ကြဖို့ KNDF တပ်ရင်း ၁၁ က တိုက်တွန်းထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ဒေသခံတွေနဲ့ စစ်ဘေးရှောင် အရပ်သားတွေ ခိုလှုံနေထိုင်ကြတဲ့ ဆေးပေးခန်းတခုကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးကျေးရွာက လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို ဧပြီ ၂၅ ရက် ဒီကနေ့ နေ့လည် ၁ နာရီလောက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ၁ ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆေးပေးခန်း အဆောက်အဦ ၂ လုံးနဲ့ ဆေးခန်းထဲက ကုသရေး ဆိုင်ရာ ဆေးပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ ကားတချို့ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါဆေးပေးခန်းဟာ ကျေးရွာဒေသခံလူထုနဲ့ စစ်ဘေးရှောင် အရပ်သားတွေအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာသာဖြစ်တယ်လို့ KNDF က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ညပိုင်းမှာလည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာနားကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး လာရောက် ကြဲချသွားပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အကြမ်းဖက် စစ်အုပ်စုဟာ တိုက်ပွဲတွေအတွင်း နေ့စဥ်နီးပါး လေ ကြောင်းအသုံးပြုကာ တိုက်ခိုက်မှုတွေရှိနေတဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူတွေသာ နေထိုင်ခိုလှုံကြရတဲ့ နေရာတွေကိုပါ ရန်သူသဖွယ် သတ်မှတ်ကာ ဗုံးကျဲတိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ပေါ်ပေါ်ထင်ထင်ကျူးလွန်နေတယ်လို့ KNDF က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက် ပွဲအကြိမ်ရေ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာတွေအတွက် စစ်သုံးရဟတ်ယာဉ်တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီး လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့၊ မြောက်စလုံးကျေးရွာတိုက်ပွဲအတွင်း ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးတယ်လို့ The Karenni Information Centre (KnIC) က ထုတ်ပြန်ပါတယ်။
မြောက်စလုံးကျေးရွာအတွင်း စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်က စတင်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) တပ်ရင်း-၅ အပါအဝင် ကရင်နီပူးပေါင်းတပ်တို့က ချေမှုန်းရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မြောက်စလုံးကျေးရွာကို တိုက်လေယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့တပ်မှာ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၂၃ ရက် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ မှ အသက် ၂၂ နှစ်အရွယ် ရဲဘော် ဒါးဝီ ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း-၁၁ က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာလည်း နားဋောင်းကျရွာ ပျူစောထီးစခန်းကို ဧပြီ ၂၅ ရက် မနက် ၃ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါ နားဋောင်းကျရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ဘုန်းကြီးဦးဝါသဝ ကိုယ်တိုင် ပျူသင်တန်းပေးထားတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ရဲဘော်တဦးက “မနက်လင်းပိုင်း ၃ နာရီက အဲဒီရွာကို ဝင်စီးခဲ့တာ။ ပျူနဲ့ စကစ စုစုပေါင်း ၁၂ ယောက်သေတယ်။ စခန်းလည်း သိမ်းနိုင်ခဲ့တယ်ဗျ။ လက်နက် ၇ လက်လည်း ရတယ်။ ယမ်းတွေ၊ ကျည်တွေလည်း ရတယ်ဗျ။ အမျိုးအစားတွေကိုတော့ သေချာမသိရဘူး။ ရတဲ့လက်နက်နဲ့ ကျည်၊ ယမ်းတွေကို တပ်ရင်းတွေက သိမ်းသွားကြတာလေ။ တိုက်ပွဲကြာချိန်က တနာရီနီးပါး ကြာလိမ့်မယ်” လို့ ပြောပါတယ်။
တန့်ဆည် ပကဖ၊ တန့်ဆည် Mobile PDF အဖွဲ့၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၅ တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ဘုန်းကြီး ဦးဝါသဝကနေ ဒေသခံပြည်သူတချို့ကို ခြိမ်းခြောက်ဖိအားပေးကာ ပျူသင်တန်း တက်ခိုင်းတာကြောင့် ၂ မြို့နယ်ပေါင်း ပျူရွာ ၅၀ ခန့်အထိ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတာလည်း ရှိနေတယ်လို့ ကျွန်းလှမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်။
အခုပျူစခန်းဟာလည်း ကန့်ဘလူမြို့နယ်နဲ့ တန့်ဆည်မြို့နယ်နှစ်ခုကြား နယ်စပ်ရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။