ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရောရှေ့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ရေခပ်ထွက်ချိန်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီက ရေထွက်ပေါက်ကို ရေလာခပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား တယောက် သေဆုံးခဲ့ကာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မာခရောရှေ့ကျေးရွာက ဒေသခံ နေအိမ် တလုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါအပြင် မနက်ပိုင်း ၇ နာရီလောက်ကလည်း အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ မာခရောရှေ့ကျေးရွာရှိ ခြေကုပ်စခန်းကို ရိက္ခာတွေပို့ဆောင်ခဲ့ပြီး နေ့လယ်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မာခရောရှေ့ခြေကုပ်စခန်းဟာ စစ်ကောင်စီတပ်ရဲ့ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၁၄ တန်းမြင့် လေ့ကျင့်ရေးကျောင်းအနီးရှိ တောင်ကုန်းကို အကာအကွယ်ယူကာ တပ်စွဲထားတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်နယ်စပ်က ပြည်သူ့စစ်အဖွဲ့ အခြေစိုက်ရာ ဟွေဟရွာအနီးမှာလည်း လက်နက်နဲ့ ရိက္ခာတွေ သယ်ယူလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် တပ်ရင်း-၃ က တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃ နာရီလောက်မှာ ရှမ်းပြည်တောင်ပိုင်းနဲ့ ရှားတောမြို့နယ်အစပ် ထိုင်း-မြန်မာနယ်စပ်အနီး ဟွေ့ဟရွာအနီးက တောင်ကုန်းအမှတ် ၅၄၁၆ အနီးမှာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ သယ်ယူနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်က ရှားတော-လွိုင်ကော်လမ်းကို အသုံးမပြုနိုင်တာကြောင့် ရိက္ခာနဲ့ လက်နက်တွေကို အဆိုပါလမ်းကြောင်းကနေ သယ်ယူဖို့ ကြိုးစားနေတာဖြစ်နိုင်ပြီး ဖေဖော်ဝါရီ ပထမအပတ်တည်းက ဟွေ့ဟအနီးမှာ စစ်ကောင်စီက အင်အား ၂၀၀ လောက် ဖြည့်တင်းထားတယ်လို့ Karnni Voice မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဌာနချုပ်ရှိရာ ရှားတောမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို အရပ်သားတွေ အသုံးမပြုဖို့ ကရင်နီပူးပေါင်းတပ်က တားမြစ်ထားပါတယ်။
ရှားတောမြို့နယ်အတွင်းက ဒေသခံတွေကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့ရဲ့ ထောက်ခံချက် လက်မှတ်ပါမှသာ မြို့နယ်တွင်း သွားလာလှုပ်ရှားဖို့ ကရင်နီပူးပေါင်းတပ်က ထုတ်ပြန် သတိပေးထားပါတယ်။
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့၊ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ဟာ ၃ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုင်သေဆုံးတာများနိုင်သလို စစ်ကား ၁ စီး မြောင်းထဲထိုးကျပျက်စီးသွားတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်က ငွေတောင်ရွာသစ်ကျေးရွာနားမှာ စစ်ကောင်စီ ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၄ ရက်နေ့မနက်ပိုင်းမှာလည်း ငွေတောင်ရွာသစ်ကျေးရွာကနေ ဒီးမော့ဆိုဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ခဲ့လို့ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ စစ်ကောင်စီတပ်က ကား ၁ စီး မြောင်းထဲထိုးကျပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ ငွေတောင်ရွာသစ်ကျေးရွာက ပြည်သူတွေရဲ့နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို RPG ၂ လုံးနဲ့ အနီးကပ် စတင် ပစ်ခတ်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ ၃ ၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တယောက် ထိခိုက်ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဖရူဆို-ဒီးမော့ဆို လမ်းမကြီးတလျှောက်နဲ့ သူတို့တပ်စွဲထားတဲ့ ကျေးရွာတွေထဲမှာ နင်းမိုင်းအများအပြားထောင်ထားခဲ့သလို ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ည ၉ နာရီဝန်းကျင်အချိန်မှာ လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြဖို့လည်း အသိပေးထားပါတယ်။