close

ဖရဲသီး

close

October 31, 2022

တရုတ်ဈေးကွက် မရေရာသဖြင့် ယခုနှစ် မိုးဖရဲတင်ပို့မှု ထိခိုက်နိုင်

ကိုဗစ်ရောဂါကြောင့် တရုတ်ဈေးကွက်မရေရာသဖြင့် အခုနှစ် မိုးဖရဲတင်ပို့မှု ထိခိုက်နိုင်တယ်လို့ ဖရဲသီးစိုက်ပျိုး၊ တင်ပို့နေသူတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာလည်း မြန်မာ−တရုတ်နယ်စပ် ရွှေလီ၊ ဝမ်တိန်မှာ Lock-down ချထားတာကြောင့် ဖရဲတင်ပို့လို့မရဘဲ လာမယ့် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်းမှသာ လုပ်ငန်းပြန်လည်လည်ပတ်နိုင်မယ်လို့ မူဆယ်နယ်စပ် သစ်သီးဝလံ ကုန်သည်ကြီးတွေက ခန့်မှန်းထားကြပါတယ်။

မူဆယ်နယ်စပ် သစ်သီးပွဲရုံလုပ်ငန်းရှင်တဦးက “အခု ရွှေလီ−ဝမ်တိန် Lock-down တွေကြောင့် ဝယ်လက်တွေ မလာနိုင်သေး။ ဝင်/ထွက်မရသေးပါ။ ၁၀ ရက်နေ့နောက်ပိုင်း တရုတ်နယ်စပ်ဒေသ ကျန်းမာရေးပြဿနာတွေပြီးရင်၊ လော့ဒေါင်းမရှိတော့ရင် လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိက တရုတ်နိုင်ငံအတွင်းမှာ ဖရဲသီးလှိုင်လှိုင်ထွက်ပေါ်ချိန် ဖြစ်နေတာကြောင့် ဖရဲသီး ရာသီကုန်ချိန်မှသာ မြန်မာ့ဖရဲသီး ဈေးကွက်စပွင့်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြတာပါ။

ကိုဗစ်ရောဂါ ဖြစ်ပေါ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကျန်းမာရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဖရဲသီးတင်ပို့ရာမှာ လမ်းပိုင်းကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံက ဖရဲစိုက်ပျိုးတောင်သူတွေနဲ့ သီးနှံကုန်သည်တွေဟာ ပြီးခဲ့တဲ့ ဖရဲတင်ပို့ရာသီတွေမှာ  ဆုံးရူံးမှုများခဲ့ပါတယ်။

ဒါကြောင့် အခုနှစ် မိုးရာသီစိုက် မြန်မာ့ဖရဲသီးတင်ပို့မှုကလည်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူမြန်ဆန်မှုရှိခြင်း၊ မရှိခြင်း အပေါ်မှာပဲ မှုတည်နေတာပါ။ 

တရုတ်နိုင်ငံဟာ လက်ရှိအချိန်ထိ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပက်သက်ပြီး တင်းကျပ်တဲ့ မူဝါဒကိုပဲ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကုန်သွယ်မှု လျင်မြန်ချောမွေ့စေဖို့အတွက် တစုံတရာ ဖြေလျှော့ပေးတာမျိုး မလုပ်သေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။ 

“ကုန်စိမ်းသီးနှံဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး မကြာဖို့က အဓိက။ ဒါမှအသီးတွေ လတ်လတ်ဆတ်ဆတ် တင်ပို့နိုင်ပြီး ဈေးကွက်ကောင်းကောင်းဖြစ်လာမှာ။ မျှော်မှန်းသလောက် ဖြစ်လာဖို့က ရာခိုင်နှုန်းနည်းတယ်။ တရုတ်ပြည်ရဲ့ ကိုဗစ်ထိန်းချုပ်မှုက လော့ဒေါင်း ခဏခဏချတော့ သိပ်ပြီးတော့ မျှော်လင့်ထားလို့မရဘူး။ လက်ရှိလည်း တနေ့ကဆိုရင် ဆက်ရက် ဝမ်တိန်မှာ လော့ဒေါင်းကျတယ်။ မနေ့က ပွင့်တယ်။ ဒီနေ့နေ့လည်း ရောဂါပိုး ပြန်တွေ့လို့ ပြန်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ ထပ်ကြားတယ်။ မနှစ်ကလည်း တရုတ်ပြည် လော့ဒေါင်းချလို့ ဖရဲသီးတွေ ရက်ကြာပြီး သွန်ပစ်ရတဲ့အခြေအနေတွေ ရှိခဲ့တယ်။ ဒီနှစ်လည်း ဖြစ်သွားနိုင်တယ်”လို့ မူဆယ်အခြေစိုက် ဖရဲသီးကုန်သည်ကြီးတဦးက ပြောပါတယ်။

အခုလို တရုတ်စျေးကွက်မရေရာတဲ့အပြင် သွင်းအားစုဈေးကြီးမြင့်ပြီး စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေတာကြောင့် ဖရဲစိုက်ပျိုးတောင်သူတွေဟာ  စိုက်ဧကတွေကို လျှော့ချခဲ့ကြပြီး တောင်သူအနည်းငယ်ကသာ တပိုင်တနိုင် စွန့်စားစိုက်ပျိုးခဲ့ကြပါတယ်။ ဒါ့အပြင် နယ်မြေ မတည်ငြိမ်မှုတွေကြောင့် တချို့ဒေသတွေမှာ ဖရဲစိုက်ပျိုးနိုင်ခြင်း မရှိပါဘူး။

“တချို့ဒေသတွေ မစိုက်နိုင်ဘူး။ စစ်ကိုင်းတိုင်းဘက်ဆိုရင် စိုက်ပျိုးဖို့၊ သွားဖို့လာဖို့ အဆင်မပြေတဲ့ နေရာဆိုရင် စိုက်အားတွေ လျော့သွားတယ်။ သွင်းအားစု ဈေးများလာတော့ အရင်းအနှီး မတတ်နိုင်တဲ့ ပုံမှန်တောင်သူတွေကလည်း စိုက်အားလျော့သွားတယ်။ ပြီးတော့ မနှစ်က လမ်းပန်းဆက်သွယ်ရေးကြောင့် တင်ပို့မှု ကြန့်ကြာလို့ လမ်းမှာ ပုပ်သိုးဆုံးရှုံးမှုများတော့ အရှုံးများတဲ့အတွက်  ဒီနှစ်လျှော့စိုက်ကြတယ်” လို့ ဖရဲစိုက် တောင်သူတဦးက ပြောပါတယ်။

အခုနှစ် မိုးဖရဲကို မြန်မာစိုက်ပျိုးတောင်သူတွေဟာ သွင်းအားစုအမြင့်ဈေးနဲ့ စိုက်ပျိုးထုတ်လုပ်ခဲ့ရတာ ဖြစ်တဲ့အပြင် တရုတ်နိုင်ငံဘက် တင်ပို့ရာမှာလည်း ကုန်ကျစရိတ် များနေတာကြောင့် ဈေးကောင်းရရှိမှသာ တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ကုန်သွယ်ရေး ကြန့်ကြာမှုတွေကြောင့် သစ်သီးအရည်အသွေး ကျဆင်းပြီး မြန်မာ့ဖရဲဈေးမရရှိတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

မြန်မာ့ဖရဲသီးကို တရုတ်နယ်စပ်ဈေးကွက်ကို အဓိကတင်ပို့တာဖြစ်ပြီး၊ ကိုဗစ်မတိုင်ခင်က မူဆယ်နယ်စပ်ကနေ  တရုတ်နိုင်ငံကို ဖရဲတင်ပို့မှုဟာ  နှစ်စဉ်တန်ချိန် ၇ သိန်းနဲ့ ၈ သိန်းဝန်းကျင်ရှိပြီး အဲဒီတင်ပို့မှုကနေ  ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် နှစ်စဉ် ဝင်ငွေရရှိခဲ့ပါတယ်။

9 hours Ago

December 6, 2021

မူဆယ် ၁၀၅ မိုင်မှ တရုတ်ဘက်ပို့မည့် ဖရဲသီးများ ပျက်စီး

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေတဆင့် တရုတ်ဘက်တင်ပို့မယ့် ဖရဲသီးအများစု အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရတဲ့အတွက် ပျက်စီးကုန်ပြီလို့ ကုန်သည်၊ ကားသမားနဲ့ ပွဲရုံတွေဆီက သိရပါတယ်။

ဖရဲတင် ယာဉ်မောင်းတဦးက "ကျနော်ကတော့ ရောက်နေတာ ၁ ရက်နေ့ကစ ရောက်တယ်။ မနေ့က အသစ်ဝင်လာတာ ၈ စီးလောက်ရှိမယ်ဗျ။ ရှမ်းပြည် ဖရဲတွေ ၈၀ ရာခိုင်နှုန်းပါ။ ကျနော်တို့ အသုတ်မှာက ဖရဲသီးကွင်းထဲကို ၃၇ စီး၊ အဲဒီ ၃၇ စီးမှာမှ ကောင်းတဲ့ဟာက ၁ စီး ၂ စီးပဲ ရှိတော့တယ်။ ကျန်တဲ့ဟာက အကုန်လုံး အရည်တွေ ထွက်ကုန်ပြီ" လို့ ပြောပါတယ်။

လက်ရှိ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မျက်နှာချင်းဆိုင်ကွင်းထဲ ၃၇ စီး၊ ၁၀၅ မိုင် ဖရဲရောင်းကွင်းမှာ အစီးရေ ၃၀ ဝန်းကျင်၊ လွယ်အင်ကားချိန်းကွင်းမှာ အစီးရေ ၅၀ ရှိနေပြီး တရုတ်ပြည်ထဲ ဝင်သွားတဲ့ ဖရဲသီးကား ၂၁ စီးကို ချိန်းသွားတဲ့ ခေါက်တိုကားတွေက အရောင်းဈေးကွက်ထဲ မရောက်သေးဘူးလို့ ဆိုပါတယ်။

အောက်ဘက်က တက်လာတဲ့ ဖရဲကားတွေကို မန္တလေးအထွက် ၁၆ မိုက်ဂိတ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ကစ တားထားပေမယ့် အခုတော့ ပြန်တက်ခိုင်းပြီ ဖြစ်ကြောင်း၊ တချို့ကားတွေက ၁၆ မိုင်နားမှာပဲ ဖရဲသီးတွေ ရောင်းနေကြတာရှိပြီး ဒီဇင်ဘာ ၅ ရက်နေ့က မူဆယ်လေယာဉ်ကွင်းနားမှာ ၁ လုံး ၃၀၀၀ ကျပ်၊ ၂ လုံး ၅၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်လို့ ဖရဲကားသမား နောက် ၁ ဦးက ပြောပါတယ်။ 

"ခေါက်တိုက ၅ စီးတည်း ရှိတယ်။ နောက်ထပ် သူတို့ခေါ်ထားတဲ့ ကားတွေတောင် အကုန် ပြန်လွှတ်နေပြီ။ အဲဒီ အလုပ်လုပ်တဲ့ ၅ လုံးကလည်း ပဲတီစိမ်းတို့၊ ဆန်တို့ဘက်ပဲ ဦးစားပေးနေတာ။" 

ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်က တော်တော်လေးကွာဟနေကြောင်း စိုက်ခင်းပိုင်ရှင် ၁ ဦးက ပြောပါတယ်။

"ပြည်တွင်း ၁၆၅၀၀ ကီလိုဂရမ်ကို ခြံထဲရောင်းတာ သိန်း ၂၀ ပဲရတော့ ၁ ကီလိုဂရမ်ကို ၉ ယွမ် ဆိုလို့ ကား ၁ စီးကို ၁၆၅၀၀ ကီလိုဂရမ် တင်ပြီး ၄ စီး သီပေါကနေ တက်လာတာ။  အပယ်တွေက ဘယ်လိုထွက်မှာလဲ မသိသေးတော့ ပြောရနည်းနည်းခက်မယ်ဗျ။"

ပိတ်မိနေတာကြောင့် ဝင်လို့ မရသေးကြောင်း ပြောပေမယ့် နေ့တိုင်ကားအဝင်ရှိနေပြီး ရှမ်းပြည်ကနေ ဝင်လာတာပိုများတယ်လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ မနန်းခမ်းခင်က ပြောပါတယ်။ 

"အသီး အရည်အသွေးအများကြီးကျသွားတယ်။ ပျက်စီးသွားတယ်။ မြန်မာပြည်ဘက်ကလည်း အသီးက ထွက်နေပြီ။" 

တရုတ်ဘက်ကို ကွန်တိန်နာနဲ့ မဟုတ်တော့ဘဲ ရိုးရိုးကားနဲ့ တင်ပို့ရပြီး တချိန်လုံး ပြောင်းလဲနေတဲ့ တရုတ်ဘက်က ပေါ်လစီကို လိုက်လုပ်နေရတာကြောင့် အချိန်နဲ့ တပြေးညီ ဖြစ်မလာဘူးလို့ ဆိုပါတယ်။

တောင်သူတွေအနေနဲ့ လိုင်းပေါ်မှာတွေ့သမျှ သတင်းတွေ မယုံကြည်ဖို့၊ ပွဲရုံ ပွဲစားတွေနဲ့ အဆက် အသွယ်လုပ်ပြီးမှ တက်လာသင့်ကြောင်း တရုတ်ဘက်မှာ ၁ ကီလိုကို ၉ ယွမ်ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပေမယ့် တရုတ် ပေါက်ဈေး မသိရသေးဘူးလို့ မနန်းခမ်းခင်က ပြောပါတယ်။

တရုတ်ဘက်က ပြောင်းလဲကောက်ခံလာတဲ့ အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရပြီး အချိန်ကြာနိုင်တဲ့အတွက် နောက်ထပ် မဆင်းလာ‌ကြဖို့ ခွာညိုသစ်သီးပွဲရုံကလည်း အသိပေးကြေညာထားပါတယ်။

ကိုဗစ် အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ သစ်သီးနဲ့ ပင်လယ်ထွက်ကုန် အဓိကကုန်သွယ်ရာ ကျင်းစန်း‌ဂိတ်ကို ဆေးဝါးပစ္စည်းကလွဲလို့ ဇူလိုင် လ ၈ ရက်နေ့ကစ ပိတ်ခဲ့ကာ နိုဝက်ဘာ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Pra Jaw

11 months Ago
Up