close

ဖလူးကြီးကျေးရွာ

close

March 24, 2022

မြဝတီမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာမှာ မတ် ၂၄ ရက် ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့  KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့  ကေအန်ယူ သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီး  နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖလူးကြီးကျေးရွာသားတစ်ဦးက “အခုလေးတင် တိုက်ပွဲဖြစ်တာ။ စစ်တပ်က  လက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတော့ တိုက်ပွဲကပြင်းထန်တယ်။ အနီးနားက ဒေသခံတွေက မနေ့ကတည်းက စစ်ကြောင်းဝင်လာတည်းက ကြိုတင်ပြေးကုန်ပြီ။ အခုကျန်နေတဲ့သူတွေလည်း မနေရဲလို့ပြေးကုန်ပြီ” လို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းကစတင်ပြီး  အထက် ဝေါလေ -သေ့ဘောဘိုး စစ်ကောင်စီစခန်းတွေဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို မွန်းလွဲ ၁ နာရီခွဲလောက်က ရသေ့ဂူအနီးမှာ  KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း အပစ်အခတ်တွေ မဖြစ်ပွားရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့ဖွဲ့ထားပြီး ဒီအဖွဲ့မှာ  ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီခန့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မတ် ၂၃ ရက်က  တဖက်မှာ  ကမ်းလှမ်းနေပြီး တဖက်မှာတော့ ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေလို့  နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

1 min Ago
Up