လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိချင်ပြီး မန်ယူအသင်းနဲ့ ထိုက်တန်တဲ့နေရာလည်း ဖြစ်ကြောင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ လက်ကျန် သုံးပွဲအလိုမှာ အဆင့်လေးနေရာမှာရပ်တည်နေဆဲဖြစ်ပေမဲ့ ပွဲစဉ်သုံးပွဲစလုံး အနိုင်ရအောင် ကစားနိုင်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်သေချာမှာပါ။
အသင်းသားတွေအားလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဆန္ဒရှိကြသလို မန်ယူနိုက်တက်အသင်းဟာလည်း ဝင်ခွင့်ရရှိဖို့ ထိုက်တန်တဲ့အသင်းဖြစ်ကြောင်း၊ ကစားသမား တွေရဲ့ အဆင့်အတန်းဟာလည်း ချန်ပီယံလိဂ်ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း ဖာနန်ဒက်စ်ကပြောပါတယ်။
လက်ရှိအခြေအနေရ ယူနိုက်တက်အသင်းအနေနဲ့ ထိပ်ဆုံးလေးသင်း စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပေမဲ့ အနာဂတ်မှာတော့ ခုထက်ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင် ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်းလည်း ဖာနန်ဒက်စ်ကပြောသွားပါတယ်။
ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာအသင်းရဲ့ အတုယူစရာစံပြ ကစားသမားဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်က ချီးကျူးပြောကြားလိုက်ပါတယ်။
ဖာနန်ဒက်စ်ဟာ လီဗာပူးအသင်းကို ၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရပြီး အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
ဒါပေမဲ့ နည်းပြတန်ဟတ်ဂ်ကတော့ ကစားသမားဖြစ်သူဘက်ကနေ ကာကွယ် ပြောကြားသွားခဲ့ပြီး လူတိုင်းအမှားမကင်းနိုင်ကြောင်းနဲ့ ဖာနန်ဒက်ဟာ စံပြကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့တာပါ။
“ဘရူနိုကအသင်းကို အားအင်တွေပေးနိုင်တယ်။ အမြင့်မားဆုံး ပြင်းပြမှုနဲ့အတူ ပြေးလွှားကစားနိုင်ရုံတင်မဟုတ်ဘဲ မှန်ကန်တဲ့နည်းလမ်းကိုပါ လမ်းညွှန်နိုင်တဲ့သူ ဖြစ်တယ်။ သူက အသင်းဖော်တွေကို နည်းပြပေးနိုင်တဲ့ အတုယူစရာစံပြကစားသမားဖြစ်တယ်။ ဒါပေမဲ့လူတိုင်းက ပြည့်စုံတယ်ဆိုတာမရှိဘဲ အမှားရှိတတ်ပါတယ်။ ကျနော်တို့ သင်ခန်းစာယူရမှာဖြစ်သလို သူလည်းသင်ခန်းစာယူပါလိမ့်မယ်” လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
နောက်ခံလူ မက်ဂွဲယား ပွဲထွက်ခွင့်မရချိန်မှာ ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်တာဝန်ကို ဆက်လက်တာဝန်ယူမှာဖြစ်ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ဖြေရှင်းခဲ့ပါတယ်။
ကွင်းလယ်လူဖာနန်ဒက်စ်ဟာ တိုက်စစ်မှူးတစ်ယောက်အတွက် တွဲဖက်ကစားဖို့ ပြီးပြည့်စုံတဲ့ အသင်းဖော်ဖြစ်တယ်လို့လည်း မန်ယူတိုက်စစ်မှူးရှက်ရှ်ဖို့ဒ်ကလည်း ချီးကျူးပြောကြားခဲ့ပါတယ်။
“ဘရူနိုနဲ့ တွဲဖက်ကစားရတာကို နှစ်သက်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် သူက တွဲဖက်ကစားဖို့ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်တယ်။ ဘရူနိုနဲ့ ပတ်သတ်ပြီး မကောင်းပြောစရာမရှိပါဘူး”လို့ ရက်ရှ်ဖို့ဒ်ကပြောပါတယ်။
ဖာနန်ဒက်စ်ဟာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သလို သူမပါဘဲနဲ့ အသင်းရဲ့ကစားပုံ ကောင်းမွန်မှာ မဟုတ်ကြောင်း ရက်ရှ်ဖို့ဒ်ကဆက်ပြီးချီးကျူးသွားပါတယ်။
ဘက်တစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ လီဗာပူးနဲ့ပွဲကရှုံးပွဲအတွက် ပြန်လည်ပေးဆပ်ဖို့ အကောင်းဆုံးပွဲစဉ်ဖြစ်တယ်လို့လည်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။