ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ အသက် ၆ နှစ်ကနေ ၉ နှစ်ကြား ကလေးတွေ ဒီဇင်ဘာ ၆ ရက်က ပထမဆုံးအနေနဲ့ ကျောင်းပြန်တက်နေကြပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရလို့ ကျောင်းသား ၂၇ သန်းရဲ့ ပညာရေး အနှောင့်အယှက် ဖြစ်ခဲ့ရအပြီး အချိန် ၂ နှစ်နီးပါး ကြာအောင် အွန်လိုင်း စာသင်ခန်းတွေ ထဲမှာ စာသင်ခဲ့ရတာပါ။
အခုတော့ လူကိုယ်တိုင် ကျောင်းတက်စာသင်ရေး ပြန်စဖို့ အစမ်းအစီအစဉ်အနေနဲ့ ကျောင်းပြန်ဖွင့်တာ ဖြစ်ပါတယ်။
လူချင်းခွာနေတာ သေချာစေဖို့ စာသင်ခန်းထဲမှာ စာသင်ခုံတွေကို ပလတ်စတစ် အကာအရန်တွေနဲ့ တစ်မီတာစီ ပိုင်းခြားထားပြီး စာသင်ခန်းတခန်းမှာ ကျောင်းသား ၁၅ ယောက်သာ အများဆုံး ထားရှိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံတလွှားက ကူးစက်ဘေး နိမ့်ပါးတဲ့ ဒေသတွေက ပြည်သူပိုင်ကျောင်း ၁၀၀ ကို စမ်းသပ်ကာလ ၂ လ ကျောင်းပြန်ဖွင့်နေပြီး နေ့ဝက် စာသင်ချိန်အတွင်း ကျောင်းသားတွေရော ဆရာတွေပါ ပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ဆင်ထားကြရပါတယ်။
ကမ္ဘာ့ကာလအရှည်ဆုံး အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် ချမှတ်ခဲ့တဲ့ ဖိလစ်ပိုင်ဟာ တခြား အနောက်နိုင်ငံ အများအပြားနဲ့မတူဘဲ ကျောင်းပြန်ဖွင့်တာ နောက်အကျဆုံး နိုင်ငံတွေထဲက တနိုင်ငံလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။