close

ဖိလစ်ပိုင်နှင့် ရုရှား ဂျာနယ်လစ် ၂ ဦး ရရှိ

close

October 8, 2021

၂၀၂၁ ငြိမ်ချမ်းရေးနိုဘယ်လ်ဆုကို ဖိလစ်ပိုင်နှင့် ရုရှား ဂျာနယ်လစ် ၂ ဦး ရရှိ

၂၀၂၁ ခုနှစ်အတွက်  ငြိမ်ချမ်းရေးနိုဘယ်လ်ဆုကို ဖိလစ်ပိုင် ဂျာနယ်လစ် မာရီရာရစ်ဆာနဲ့ ရုရှားသတင်းစာ အယ်ဒီတာချုပ် ဒီမီထရီမူရာတော့ဗ်တို့ ၂ ဦး ရရှိတဲ့ အကြောင်း နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက အောက်တိုဘာ ၈  ရက် ဒီကနေ့ ကြေညာလိုက်ပါတယ်။ 

လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ပေးဖို့ သူတို့ရဲ့ အားထုတ်ကြိုးပမ်းအားထုတ်မှုတွေ အတွက်  ဆုချီးမြှင့်တာဖြစ်ပြီး ဒါဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်  မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်လို့  ဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။ 

အခုနှစ်တွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရွေးချယ်ဖို့ အမည်စာရင်းတင်သွင်းထားသူနဲ့ အဖွဲ့အစည်းပေါင်း ၃၂၉  ခု ရှိပြီး  ဘယ်သူတွေနဲ့ ဘယ်အဖွဲ့အစည်းတွေလဲဆိုတာကိုတော့  ဆုရွေးချယ်ရေး ကော်မတီကတော့ လူသိရှင်ကြားထုတ်ပြန်ကြေညာတာလေ့မရှိပါဘူး။

နိုင်ငံတကာမီဒီယာတွေမှာ ခန့်မှန်းဖော်ပြတဲ့  နိုဘယ်လ်ငြိမ်းချမ်းရေးဆုရနိုင်ခြေရှိသူစာရင်းမှာတော့  တရုတ်နိုင်ငံက ဝိဂါမူဆလင် တက်ကြွလှုပ်ရှားသူ ပါမောက္ခ အီဟမ်တိုတီ၊ ရုရှားအတိုက်အခံ အလက်ဇီနဗဲလ်နီ၊ ဘယ်လာရုစ် အတိုက်အခံခေါင်းဆောင် ဆဗက်လာန တီကာနို့ဗ်စကာယာ ၊ ဟောင်ကောင်ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ နသန်လော၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် ဂရီသာသန်းဘာ့ဂ်နဲ့ ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်တို့လည်း ပါဝင်ပါတယ်။ 

အဖွဲ့အစည်းတွေထဲမှာတော့ ကမ္ဘာတဝန်း သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ( RSF) နဲ့ နယူးယောက်ခ် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) တို့ ပါဝင်သလို AFP သတင်းဌာနရဲ့ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက်အဖွဲ့လည်း ပါဝင်ပါတယ်။

ဒါ့အပြင်  ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ချစားမှုကိုစောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့နဲ့   ကမ္ဘာတဝန်းကပြည်သူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်ရအောင် ကြိုးပမ်းလုပ်ဆောင်နေတဲ့  Covax  ကာကွယ်ဆေးအစီအစဉ်တို့လည်းပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ကမ္ဘာတဝန်း ငတ်မွတ်မှုနဲ့ စားနပ်ရိက္ခာ မလောက်ငမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းတဲ့အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရရှိခဲ့ပါတယ်။ 

လာမယ့် ၂၀၂၂ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုအတွက်တော့  မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့  အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM - Civil Disobedience Movement) ကိုပေးဖို့  နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ၆ ဦးက ဆုရွေးချယ်ရေးကော်မတီထံ အမည်စာရင်းတင်သွင်းပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်း တရားစွဲခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၁၉၉၁ ခုနှစ်တုန်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့ဖူးပါတယ်။

6 mins Ago
Up