close

ဖိလစ်ပိုင်သမ္မတလောင်း

close

May 8, 2022

ရွေးကောက်ပွဲအတွက် ဖိလစ်ပိုင်သမ္မတလောင်းများ အပြိုင်မဲဆွယ်

ဖိလစ်ပိုင်နိုင်ငံမှာ မေ ၉ ရက်ကျရင် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် သမ္မတလောင်းတွေ မေ ၇ ရက်နေ့က နောက်ဆုံးအနေနဲ့ အပြိုင် မဲဆွယ်နေကြပါတယ်။ 

အထူးသဖြင့် ဘယ်သမ္မတလောင်းကို မဲပေးမလဲဆိုတာကို အခုအချိန်ထိ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။  

ဒီနှစ် ရွေးကောက်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး သတင်းအမှားတွေ၊ ကောလာဟလတွေ၊ အပုပ်ချတာတွေ ပြည့်နှက်နေတာကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီဟာ ဆယ်စုနှစ်တွေချီပြီး နောက်ကြောင်း ပြန်သွားတဲ့ ပုံမျိုး ဖြစ်နေတာပါ။ 

အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုကတော့ ဒုတိယ သမ္မတ လင်နီ ရိုဘရတ်ဒိုနဲ့ ဖိလစ်ပိုင်ကို နှစ်ပေါင်း ၂၀ လောက် အုပ်ချုပ်သွားခဲ့တဲ့ အာဏာရှင် မားကို့စ်ရဲ့သား ဖာဒီနန် မားကို့စ် ဂျူနီယာ တို့ကြားမှာ ရှိနေပါတယ်။ 

နှစ်ဖက်စလုံးမှာ နှစ်ပေါင်း ၄၀ ကျော် တည်ဆောက်ထားတဲ့ နိုင်ငံရေး ပုံရိပ်နဲ့ ထောက်ခံသူတွေ ရှိနေတာပါ။ 

ဒုတိယသမ္မတ ရိုဘရတ်ဒိုဟာ ၁၉၈၆ ခုနှစ်တုန်းက အာဏာရှင် မားကို့စ်ကို ဖြုတ်ချတဲ့ ပြည်သူ့ပါဝါ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။

အဲဒီ အရေးတော်ပုံကြီးကြောင့် နာမည်ဆိုးတဲ့ အာဏာရှင် မားကို့စ် ပြုတ်ကျသွားခဲ့ပေမဲ့ အရှိန်အဝါကြီးတဲ့ မိသားစုနေ ပေါက်ဖွားလာတဲ့ အာဏာရှင်ရဲ့သားဟာ နိုင်ငံရေးလောကမှာ တကျော့ပြန် ပေါ်ထွက်လာပါတယ်။ 

မေ ၇ ရက်နေ့က လူထုစုရုံးမှုဟာ မေ ၉ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး မဲဆွယ်ပွဲ ဖြစ်တဲ့အတိုင်း ထိပ်ဆုံးက ပြေးနေတဲ့ သမ္မတလောင်းနှစ်ယောက်က မဲဆွယ်မိန့်ခွန်းတွေ ပြောခဲ့ကြပါတယ်။ 

အကြိုစစ်တမ်းတွေအရတော့ ဒုတိယ သမ္မတ လင်နီ ရိုဘရတ်ဒိုက အနိုင်ရဖွယ် ရှိနေပါတယ်။

ဖိလစ်ပိုင်မှာ မဲပေးခွင့်ရှိသူ ၆၅ သန်း ရှိပြီး မဲဆန္ဒရှင်တွေဟာ မေ ၉ ရက်ကျရင် သမ္မတ ဒူတာတေး နေရာကို ဘယ်သူနဲ့အစားထိုးမလဲဆိုတာကို ဆုံးဖြတ်ပေးရတော့မှာ ဖြစ်ပါတယ်။

1 min Ago
Up