ဖိလစ်ပိုင်နိုင်ငံမှာ ဇူလိုင် ၄ ရက် မနက်ပိုင်းက စစ်လေယာဉ်တစီး ပျက်ကျခဲ့ပြီး ၄၂ ယောက်သေဆုံးကာ မြေပြင်က အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စီ-၁၃၀ ဟာကျူလီပို့ဆောင်ရေးယာဉ်ဟာ စစ်သင်တန်းဆင်း ကျောင်းသားတွေ အများစုပါဝင်တဲ့ လူပေါင်း ၉၆ ယောက်ကို တင်ဆောင်လာတာဖြစ်ပြီး နိုင်ငံတောင်ပိုင်း၊ ဆူလူးခရိုင်ထဲက ဂျိုလိုကျွန်းဆီ ဆင်းသက်ချိန်မှာ လေယာဉ် မီးလောင်ပေါက်ကွဲပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပေါက်ကွဲမှု မဖြစ်ခင်ကလေးမှာတင် စစ်သားတချို့ဟာ လေယာဉ်ပေါ်က ခုန်ဆင်းကြတာကို တွေ့ခဲ့ရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
သတင်းရင်းမြစ်တခုကတော့ လေယာဉ်ပျက်ကျခဲ့တာကြောင့် မြေပြင်က အရပ်သား ၄ ယောက် ထိခိုက်ခဲ့လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရကာ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတဲ့ စစ်သား ၇ ယောက်လောက်ကိုလည်း အရေးပေါ် ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်လေယာဉ် မတော်တဆ ဖြစ်မှုတွေထဲမှာ လူသေဆုံးမှု အများဆုံး ဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်လေ တပ်ပြောရေးဆိုခွင့်ရသူ တယောက်က ပြောပါတယ်။