ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ မြန်မာယူ၂၂ အသင်းက ဖိလစ်ပိုင်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့အနိုင်ရပြီး နောက်ဆုံးဆီးဂိမ်းငါးကြိမ်မှာ လေးကြိမ်အထိ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးကို ဒုတိယပိုင်းမှာ နောက်ခံလူ သက်ဟိန်းစိုးကပဲ သွင်းယူခဲ့တာပါ။ သူဟာ ဗဟိုခံစစ်မှူးဖြစ်ပေမဲ့ အုပ်စုပွဲစဉ်သုံးပွဲမှာ သုံးဂိုးသွင်းယူထားတာပါ။
မြန်မာအသင်းက အုပ်စုပွဲစဉ်လေးပွဲမှာ အင်ဒိုနီးရှားကိုရူံးနိမ့်ခဲ့ပေမဲ့ အရှေ့တီမော၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်အသင်းတွေကို အနိုင်ရခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာပါ။
မြန်မာလူငယ်အသင်းဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၁၃ ဆီးဂိမ်းမှာ အုပ်စုအဆင့်ကနေ မကျော်လွန်နိုင်ခဲ့ပေမဲ့ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉ နဲ့ ၂၀၂၃ ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်တက်ခဲ့ပြီး ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းမှာပဲ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။
မြန်မာယူ၂၂ အသင်းဟာ တဖက်အုပ်စုက အုပ်စုပထမရတဲ့ အသင်းနဲ့ မေ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။ တဖက်အုပ်စု B မှာ ထိုင်းနဲ့ဗီယက်နမ် အသင်းတို့က လက်ကျန်ပွဲစဉ် ကျန်သေးပေမဲ့ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။
ထိုင်းအသင်းက ဗီယက်နမ်နဲ့ ရမှတ် ၉ မှတ်စီတူပေမဲ့ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။
ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက် ဖိလစ်ပိုင်နဲ့ ကန်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဗိုလ်လုပွဲစဉ်လို ယှဉ်ပြိုင်သွားမယ်လို့ မြန်မာ-ယူ ၂၂ အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မနေ့ညနေက ကစားခဲ့တဲ့ အိမ်ရှင် ကမ္ဘောဒီးယားယူ၂၂ အသင်းနဲ့ ပွဲစဉ်မှာ မြန်မာအသင်းက နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ်၆ မှတ်နဲ့ အင်ဒိုနီးရှားအသင်းရဲ့အောက် ဒုတိယနေရာမှာရပ် တည်ခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက အုပ်စုအောက်ဆုံးက ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အိမ်ရှင်ကမ္ဘောဒီးယားက အုပ်စုပထမသေချာပြီးသား အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်သွားရမှာပါ။
မြန်မာနည်းပြ ဖက်ချ်တန်ဘိုင်နာ က “ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက် ဖိလစ်ပိုင်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲလိုက စားသွားရမှာပါ။ ဖိလစ်ပိုင် အသင်းကလည်း အမှတ်အလကားပေးမှာတော့မဟုတ်ပါဘူး။ သူတို့ကဖိအားမရှိဘဲ ကျနော်တို့နဲ့ကစားရမှာဖြစ်ပေမဲ့ ကျနော်တို့ကတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ဖိအားရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲချင်းစီ သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားပွဲကို စိတ်ချလက်ချထိုင်ကြည့်နေလို့ရမှာပါ။ အနိုင်မရခဲ့ရင် တော့ အိမ်ရှင်အသင်းရဲ့ပွဲကို စောင့်ကြည့်နေရပါဦးမယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းခဲ့ပြီး ဂိုးလည်းရခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို စနစ်တကျ ထိန်းပြီး ကစားနိုင်ခဲ့ကြောင်း နည်းပြက ပြောပါတယ်။
မြန်မာအသင်းတွက် တစ်ဂိုးသွင်းပေးခဲ့တဲ့ ဟိန်းထက်အောင်က” ဒီနေ့ပွဲ အနိုင်ရရှိလို့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ကျနော်တို့အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျနော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါတယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာ အသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ဖို့အတွက် မေလ ၁၀ ရက်နေ့ ညနေမှာ ကန်ရဲ့မယ့် ဖိလစ်ပိုင်နဲ့ပွဲမှာ အနိုင်ရဖို့ လိုအပ်ပြီး အနိုင်မရခဲ့ရင်တော့ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားကို အနိုင်ရဖို့လိုအပ်မှာဖြစ်ပါတယ်။
Photo-MFF