ထိုင်းနိုင်ငံ တာ့ခ်ရိုင် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်ရှိ ဖားကျလုံးရေတံခွန်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က အပန်းဖြေနိုင်ဖို့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီအပန်းဖြေရေတံခွန်ကို ကိုဗစ်ကူးစက်မှုကြောင့် ပိတ်ထားရာမှ ပြန်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်လုံးထိုးထားသူကို ကြိုတင်စစ်ဆေးမှုပြုလုပ်ကာ ဝင်ခွင့်ပေးမှာဖြစ်သလို ညအိပ်တည်းခိုနိုင်တယ်လို့ ထိုင်းသစ်တောဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
တာ့ခ်ရိုင် ဖုတ်ဖရမြို့နယ်ရှိ ဖားကျလုံးရေတံခွန်ဟာ ယခင်ကိုဗစ်မဖြစ်ခင်က ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ တစ်ရက်ကို ၁ သောင်းဝန်းကျင် သွားရောက်အပန်းဖြေကြသလို နိုင်ငံခြားသားတွေလည်း လာရောက်ကြတယ်လို့ သိရပါတယ်။
အဲဒီရေတံခွန်ဟာ မြန်မာ-ထိုင်းနယ်စပ် ဝေါ်လေမြို့နဲ့ ၆ မိုင်လောက်သာ ကွာဝေးပြီး အနီးအနားမှာ ရေပူစမ်းလည်းရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ RPG လက်နက်ကျည်ဆန်တခု ဒီဇင်ဘာ ၂၅ ရက် မနက်က မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့ မော်လချိုင်းကျေးရွာအတွင်း ကျရောက်ခဲ့လို့ နေအိမ်တလုံး ထိမှန်ပျက်စီးသွားပါတယ်။
ဒီနေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်က မြဝတီခရိုင်တောင်ဘက် ၂၈ လောက်အကွာ စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းဘက်ကနေ RPG အလုံးကြီးတစ်လုံး ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူထံက သိရပါတယ်။
အဆိုပါပစ်ခတ်တဲ့နေရာကို ဖုတ်ဖရမြို့နယ်က ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူနဲ့ နယ်စပ်လုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ်က သွားရောက်စစ်ဆေးရာမှာ မော်လချိုင်းရွာသား တယောက်ရဲ့ အိမ်ခေါင်မိုးနဲ့ အိမ်တွင်းပစ္စည်း အနည်းငယ် ထိခိုက်ပျက်စီးတာ တွေ့ခဲ့ရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာရာကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဒီဇင်ဘာလ ၂၅ ရက်အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး အယောက် ၄၀ လောက်သေဆုံးပြီး ထိုင်းနိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျည်ဆန်တွေ ၁၀ လုံးလောက် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် မြဝတီခရိုင်အတွင်း ကျေးရွာတွေမှာ သောင်းနဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ် ရှောင်တိမ်းနေရတဲ့အပြင် နယ်ခြားသောင်ရင်းမြကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေသူတွေလည်း ထောင်နဲ့ချီရှိနေပါတယ်။