close

ဖုန်းနှင့်ငွေကြေး

close

April 17, 2022

သထုံမြို့နယ်၌ စစ်တပ်က ပြည်သူနေအိမ်များကို ဖျက်ဆီးပြီး ဖုန်းနှင့်ငွေကြေးများယူဆောင်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်အုပ်စု၊ ဇီးဝန်းကျေးရွာ နေအိမ်တွေကို ဧပြီ ၁၅ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက  ဝင်ရောက်ရှာဖွေကာ ဖုန်းနဲ့ ငွေကြေးတွေ ယူဆောင်သွားပြီး နေအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇီးဝန်းကျေးရွာအတွင်းကို သထုံမြို့အခြေစိုက် အမှတ် ၃၁၄ အမြောက်တပ်ရင်း၊ ဒုတပ်ရင်းမှူး နေမျိုးဟန် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၆ ဦးက ဒေသခံရွာသားတွေနဲ့အတူ အနီးပတ်ဝန်းကျင်ကျေးရွာကနေ တရားနာလာရောက်တဲ့ ဧည့်သည်တွေပါ ခေါ်ယူစုဝေးပြီး မြေပြင်ပေါ် ဝမ်းလျားမှောက်ခိုင်းပြီး KNU တပ်ဖွဲ့ဝင်တွေကို ဖွက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေရဲ့နေအိမ်တွေကို အတင်းဝင်ရောက်ရှာဖွေခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေက အမှတ် ၃၁၄ အမြောက်တပ်ရင်းရဲ့  ဇီးဝန်းကျေးရွာအနီးကတပ်စခန်းကို လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ဒုတပ်ရင်းမှူး နေမျိုးဟန်က ပြောဆိုခဲ့တယ်လို့  ဆိုပါတယ်။

ဇီးဝန်ကျေးရွာသားတဦးက “လက်နက်မဲ့ ပြည်သူတွေက ဘာအပြစ်ရှိလို့လဲ။ ပြည်သူကို ကာကွယ်တဲ့ စစ်တပ်က အခုဓားပြအကြီးစားတွေဖြစ်ကုန်ပြီ။ အိမ်တွေပိတ်ထားရင် တံခါးတွေကို ထုဖျက်ပြီး အတင်းဝင်ရှာတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လက်နက်အားကိုးနဲ့ လုပ်ဆောင်သွားတာ” လို့ ပြောပါတယ်။

အဆိုပါတပ်စခန်းကို KNU တပ်ဖွဲ့ဝင်တွေက ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ရင် အခုထက် ပိုမိုထိခိုက်နာကျင်စေရမယ်လို့  ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၉  ရက် ညနေ ၃ နာရီလောက်ကလည်း ဇီးဝန်ကျေးရွာ ၊ထီးဖိုးညလီခီးနေရာမှာ စစ်ကောင်စီရဲ့ အမှတ် ၃၁၄ အမြောက်တပ်ရင်း၊ တပ်စခန်းကတပ်ဖွဲ့ဝင်တွေနဲ့ KNU တပ်ရင်း ၂ ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၃ ဦးသေဆုံးပြီး  ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့  KNLA  ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်က ဒေသခံ အရပ်သားပြည်သူတွေကို မကြာခဏ ဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေနဲ့ လူအခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်လို့ KNU တာဝန်ရှိသူတဦးက ပြောပါတယ်။

2 mins Ago
Up