ရန်ကုန်တိုင်း၊ မှော်ဘီမြို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အောက်တိုဘာ ၁၂ ရက် ည ၇ နာရီလောက်က ရဲဘော်စျေးမှတ်တိုင် (မှော်ဘီ) အနီး စစ်မှုထမ်းဟောင်းအိမ်ရာကို Gurdians UG မှော်ဘီရင်သွေးတပ် (HYA)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ "ဒေါင်းအလံလွှင့်" စစ်ဆင်ရေး mission က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးဟာ စစ်ကောင်စီ နဲ့ ပတ်သက်ဆက်နွှယ်သူတွေ၊ ဒေါက်တိုင်တွေကို ရှင်းလင်းသွားမယ့်အကြောင်း ကြိုတင်သတိပေးတဲ့အနေနဲ့ အဝေးထိန်းမိုင်း နဲ့ သတိပေးတာလို့ ဆိုပါတယ်။
ဖောက်ခွဲမှုအတွင်း စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်သူတွေ ထိမှန်နိုင်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတွေ လာရောက်စစ်ဆေးခဲ့တယ်လို့Gurdians UG အဖွဲ့တာဝန်ခံက ပြောပါတယ်။
Gurdians UG အဖွဲ့အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ စစ်အုပ်ချုပ်ရေးယန္တရားတွေ၊ ဒေါက်တိုင်တွေ၊ စစ်ကောင်စီ နဲ့ ပတ်သက်နေသူမှန်သမျှကို မဟာမိတ်အဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် mission ပြုလုပ်တဲ့နေရာမှာ အချိန်ယူလုပ်ဆောင်ရသလို mission လုပ်ဆောင်ပြီးတိုင်း လုံခြုံရေးအခြေအနေအရ နေရာပြောင်းရွှေ့ရတဲ့အတွက် UG ရဲဘော်တွေရဲ့ နေထိုင်စားသောက်စရိတ်အတွက် အခက်အခဲတွေရှိတယ်လို့ Gurdians UG အဖွဲ့တာဝန်ခံဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီလောက်က သင်္ကန်းကျွန်းမြို့နယ်တရားရုံးရှေ့မှာ သွေးမအေးကြောင်း၊ ပြည်သူတွေနဲ့အတူ ပြတ်သားစွာရပ်တည်ကြောင်း၊ လွတ်လပ်ခြင်းနဲ့ တရားမျှတမှုအတွက် အဝေးထိန်းမိုင်း နဲ့ ဖောက်ခွဲခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေက တရားရုံးလုံခြုံရေးဂိတ်အနီးရှိနေပေမယ့် အန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ ရှိတဲ့ ရာအိမ်မှူးတဦး ပိုင်ဆိုင်တဲ့ အဖျော်ယမကာ စတိုးဆိုင်တဆိုင်အနီး ပတ်ဝန်းကျင်ကို သတိပေးဖောက်ခွဲမှုတခု ပြုလုပ်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။
သတိပေးဖောက်ခွဲမှုကို အောက်တိုဘာ ၅ ရက် ည ၈ နာရီလောက် ပြုလုပ်ခဲ့တာဖြစ်ပြီး ဆိုင်အရှေ့က မော်တော်ယာဉ်တစီး ပျက်စီးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
၉၂ ရပ်ကွက် ရာအိမ်မှူး ဦးအောင်ကျော်စော ပိုင်ဆိုင်တဲ့ ရွှေမြင့်မိုရ် အဖျော်ယမကာစတိုးဆိုင်မှာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာတွေကို အဓိကထား ရောင်းချနေပြီး လောင်စာဆီမှောင်ခိုလုပ်ငန်းနဲ့လည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် တည်ရှိနေတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်များကိုလည်း စစ်ကောင်စီနဲ့ သူရဲ့လက်အောက်ခံ ပျူစောထီးတွေက လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာကြောင့် မြို့ပြပြောက်ကျားများကလည်း ရန်ငါပြတ် ဆက်လက်တိုက်ထုတ်သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်၊ လက်အောက်ခံ ဒေါက်တိုင်တွေနဲ့ ပတ်သက်ဆက်နွှယ်မှု မလုပ်ကြဖို့ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ SDGF နဲ့ ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က ထပ်မံအသိပေးတောင်းဆိုထားပါတယ်။