close

ဖောက်ခွဲဖျက်ဆီးခံရ

close

November 22, 2021

ဖားကန့်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

အင်တာနက်ဖြတ်တောက်ခံထားရတဲ့  ဖားကန့်မြို့နယ် ကန်ဆီးရွာနားက စစ်တပ်ပိုင်  Mytel တာဝါတိုင်ကို နိုဝင်ဘာ ၂၁ ရက်  ညပိုင်းက  ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။ 

"မနေ့ည ၉ နာရီလောက်က ဖောက်ခွဲဖျက်ဆီးလိုက်တာ။ ဒီရက်ပိုင်း ဖားကန့်မြို့က တချို့နေရာတွေမှာ Mytel operator တခုပဲ  အင်တာနက် နည်းနည်းသုံးလို့ ရနေတယ်။ messenger သုံးလို့ရတယ်။ Facebook news feed နည်းနည်းတက်တယ်။ Tiktok တွေ နည်းနည်းကြည့်လို့ ရတယ်။ ကျန်တဲ့ ဖုန်းလိုင်းတွေတော့ ဘာမှ မရဘူး" လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖားကန့်မြို့နယ်မှာ စုစုပေါင်း Mytel တာဝါတိုင် ၅ တိုင်ဖောက်ခွဲဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက် ည ၈ နာရီကစပြီး အင်တာနက်ဖြတ်တောက်ထားတာ အခုဆို  ၃ လကျော်ရှိလာပြီလည်း ဖြစ်ပါတယ်။

1 week Ago

November 12, 2021

သထုံမြို့နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုနဲ့ မရမ်းကုန်းကျေးရွာကြားက  ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု နိုဝင်ဘာ ၁၁ ရက် ည ၆ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဓာတ်ငွေ့ပိုက်လိုင်းကို အမည်မသိ လူတစ်စုက မိုင်းထောင် ဖောက်ခွဲတာ ဖြစ်ပြီး လူထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီဓာတ်ငွေ့ပိုက်လိုင်းဟာ ထားဝယ်ကနေ ရန်ကုန်ကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်း တစ်ခုဖြစ်ပြီး မိုင်းထောင်ခွဲဖျက်ဆီးခံရပြီးနောက် ည ၁၀ နာရီလောက်မှာ ဓာတ်ငွေ့ယို့စိမ့်မှု ရပ်သွားခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီပိုင် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ထုတ်ပြန်ပါတယ်။

အဲဒီဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးမှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်ဖွဲ့ဝင်တွေ၊ သထုံပြောက်ကျားများတပ်ဖွဲ့နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် မရသေးလို့ အတည်ပြုမပေးနိုင်ဘူးလို့ ဆိုပါတယ်။

သထုံ PDF ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကလည်း သထုံနဲ့ ဘီးလင်း ကမာစိုင်ကွက်သစ်အနီးမှာ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ထားပါတယ်။ 

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သထုံ PDF က ထုတ်ပြန်ထားပါတယ်။

3 weeks Ago
Up