close

ဖောက်ထွင်းမှု

close

March 10, 2023

ဗိုလ်ချုပ်ဈေး၊ ရတနာဆိုင် ၂ ဆိုင်မှ ကျပ်သိန်း ၁,၉၀၀ ကျော်ဖိုး ဖောက်ထွင်းသွားသည့် တရားခံ မမိသေး

ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက် D ရုံရှိ Rose ရတနာဆိုင်နဲ့ KMS ရတနာဆိုင်တို့မှာ မတ်လ ၃ ရက် ညပိုင်းက  ၁,၉၀၀ ကျော်ဖိုး ဖောက်ထွင်းခံရပြီး လက်ရှိအချိန်အထိ ဖောက်ထွင်းသူတွေကို မမိသေးပါဘူး။

မတ်လ ၃ ရက် ညပိုင်းက ရတနာဆိုင် ၂ ဆိုင်လုံး ဖောက်ထွင်းခံခဲ့ရတာဖြစ်ပေမဲ့ နယ်မြေရဲတွေ လာစစ်တဲ့အခါမှာ Rose ရတနာဆိုင်က ကျောက်စိမ်းထည်တွေ ပျောက်ဆုံးသွားတယ်လို့သာ ဗိုလ်ချုပ်ဈေးစည်ပင်က အသိပေးခဲ့တာပါ။

D ရုံ ဆိုင်ခန်းအမှတ် ၂၃၊ ၂၄၊ ၃၄၊ ၃၅ က Rose ဆိုင်ဟာ ၄ ခန်းတွဲဖြစ်ပြီး ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ပန်းပုရုပ်တုတွေနဲ့ နီလာ‌ကျောက်ပါ လက်စွပ်တွေ ပါသွားခဲ့လို့ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၃ ရက် တညတည်း ဖောက်ထွင်းခံရတဲ့ KMS ရတနာဆိုင်ကတော့ မတ်လ ၇ ရက်ရောက်မှ စခန်းမှာ အမှုဖွင့်နိုင်တာဖြစ်ပြီး တန်ဖိုးမြင့် မိုးကုတ်ပတ္တမြားပွင့်တွေ၊ ပုလဲတွေနဲ့ ကျောက်စိမ်းပွင့်တွေ ပျောက်ဆုံးနေတာကြောင့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁,၄၀၀ ကျော်ရှိတယ်လို့ KMS ဆိုင်နဲ့ နီးစပ်သူက ပြောပါတယ်။

ရတနာဆိုင် ၂ ဆိုင်စလုံးဟာ ဆိုင်ရှင်တွေ ခရီးထွက်တဲ့နေ့မှာ ‌တပြိုင်နက် ဖောက်ထွင်းခံရတာ ဖြစ်ကာ ဖောက်ထွင်းသူတွေက တန်ဖိုးနည်းကျောက်ထည်တွေ ချန်ထားခဲ့တယ်လို့ သိရပြီး အဲ့ဒီဆိုင်ခန်းတွေက ဈေးအတွင်းပိုင်းမဟုတ်ဘဲ ကားပတ်လမ်းမှာ ရှိနေတာအပြင် ဈေးလုံခြုံရေး၊ စည်ပင် CCTV၊ သံပန်းတံခါးတွေက အဆင့်မြင့်သော့တွေ ခတ်ထားကြတာပါ။

ဖောက်ထွင်းခံရတဲ့ ဆိုင်ပိုင်ရှင်တဦးက “ဆိုင်က ထောင့်ဆိုင်ပေါ့။ ဒီဆိုင်ပြီးရင် ဈေးရုံကိုခတ်တဲ့ သံပန်းတံခါးကြီးရှိတယ်။ ဘယ်လိုစဉ်းစားလဲဆိုတော့ ဒီဆိုင်က ပိုပြီးတော့ လုံခြုံတယ်။ တကယ်လို့ ဒီသော့တွေကို သူခိုးက ဖျက်နိုင်တယ်ပဲ ထားဦး၊ လိပ်တင်တဲ့တံခါးကို ပင့်တင်ရင် အသံက တအားကျယ်တယ်လေ။ နေ့လယ်နေ့ခင်းတောင် တံခါးရဲ့အသံက တော်တော်ကျယ်တယ်၊ သော့လည်းကောင်းတယ်၊ ဈေးရုံရှေ့မှာ လုံခြုံရေးတွေ ပတ်တဲ့လမ်းကြီး ရှိတဲ့အခါကျတော့ ဆိုင်ကလည်း ဘယ်လိုမှ ဖောက်လို့မရဘူးပေါ့။ စိတ်ချလက်ချ ထားတာပေါ့” လို့ ပြောပါတယ်။

ရတနာဆိုင် ၂ ဆိုင်စလုံး ဖောက်ထွင်းခံရပေမဲ့ စည်ပင်က ရဲကို တဆိုင်သာ အသိပေးခဲ့တာကြောင့် အမှုသွားဖွင့်တဲ့အထိ နယ်မြေရဲတွေ မသိသေးဘူးလို့ ပြောပါတယ်။

“သော့တွေကို အက်ဆစ်နဲ့လောင်းလိုက်တာ၊ စတီးသော့တွေဆိုတော့ ဘာမှတော့မဖြစ်ဘူး။ သံပန်းတံခါးရဲ့ သော့ကွင်းတွေ အကုန်လုံး အရည်ပျော်သွားတာ။ အောက်မှာဆို အက်ဆစ်အရည်တွေ ရွှဲနေရောပဲ။ ၇ ရက်နေ့ ဈေးကိုပြန်ရောက်တော့ သူတို့မသိဘူး၊ စခန်းက လူတွေတောင် မသိဘူး၊ အဖောက်ခံခဲ့ရတာကို။ ၃ ရက်နေ့ ညကတည်းက နှင်းဆီဆိုင်နဲ့ အဖောက်ခံရတာ။ အမှန်က စည်ပင်က ရဲကို ပြောကိုပြောရမယ်။ ဈေးမှာ အဖောက်ခံရပါပြီ၊ နှင်းဆီဆိုင်နဲ့ ဘယ်ဆိုင်နဲ့ဆိုတာ ရဲကိုပြောရမယ်။”

ဗိုလ်ချုပ်ဈေးစည်ပင်က ဆိုင်တွေကို လစဉ်အခွန် ကျပ် ၂၀,၀၀၀ ခန့် ကောက်ယူပေမဲ့ ဈေးပိတ်ချိန်မှာ လျှပ်စစ်မီးဖြတ်တောက်တာကြောင့် ဆိုင်တွေရဲ့ CCTV တွေအတွက် မီးအားမပေးနိုင်တဲ့အပြင် စည်ပင် CCTV၊ လုံခြုံရေးတွေ ရှိပေမဲ့လည်း ဖောက်ထွင်းခံခဲ့ရတာလို့ သိရပါတယ်။

ရတနာဆိုင် ၂ ဆိုင်က ကျောက်ထည်လက်ဝတ်ရတနာတွေ ပျောက်ဆုံးမှုအတွက် ပန်းဘဲတန်း မြို့မရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး ဖောက်ထွင်းခံရတဲ့ ရတနာဆိုင်တွေကတော့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

4 mins Ago

May 17, 2022

လားရှိုးမြို့တွင် ဈေးဆိုင် ၃ ဆိုင် ဖောက်ထွင်းခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗျူဟာလမ်းမှာရှိ အဝတ်အထည်နဲ့ ဖန်စီပစ္စည်းအရောင်းဆိုင် ၃ ဆိုင်  မေလ ၁၆  ရက်က ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖောက်ထွင်းခံရတဲ့ ဆိုင်တွေကတော့ Vantage- flannel collection အထည်ဆိုင်၊ Nang Lao Kham အထည်ဆိုင်နဲ့ Fancy ဆိုင်တို့ဖြစ်ပါတယ်။ 

“ကျနော်တို့ ဆိုင်ပြတင်းပေါက်ကို ဓားနဲ့ ကလန့်ဖွ့င်ပြီး အထည်တွေအပြင် ဂစ်တာနဲ့ ဆိုင်တာဝန်ခံ ညီမလေးရဲ့ မှတ်ပုံတင်၊ ငွေသားတွေ ယူသွားတယ်” လို့ Vantage- flannel collection ဆိုင်က ပြောပါတယ်။

ဒီဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် ပြစ်မှုကျူးလွန်သူကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့မှာ မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း၊ ဂိမ်းရုံ၊ ကေတီဗီ၊ နိုက်ကလပ်တွေ၊ ပေါများလာသလို လုယက်မှု၊ ဖောက်ထွင်းမှု၊ ခိုးမှုတွေနဲ့ ဒုစရိုက်မှုတွေ ပိုမိုများပြားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

10 months Ago

မြစ်ကြီးနားမြို့ပေါ်တွင် လုယက်မှုနှင့်နေအိမ်ဖောက်ထွင်းမှု ပိုများလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ လမ်းပေါ် ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ် လုယက်မှုတွေနဲ့ နေအိမ်ဖောက်ထွင်းမှုတွေ နေ့စဉ်လို ဖြစ်ပွားနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"အခုနောက်ပိုင်းပေါ့၊ ဒီလိုဖြစ်နေတာကြာပြီ၊ ဆိုင်ကယ်လုခံရလိုက်၊ ကားလုခံရလိုက်၊ ဖုန်းလုခံ ရလိုက်နဲ့ သတင်းတွေက နေ့တိုင်းကြားနေရတာ၊ မြစ်ကြီးနားမှာ ဆိုက်ကယ်၊ ဖုန်း တခုခု မပျောက်တဲ့နေကို မရှိသလိုပဲ။” 

လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နဲ့ လက်ဆွဲအိတ်တွေ လုယက်ခံရမှုအများစုဟာ မြို့ပေါ်လမ်းမတွေနဲ့ လူပြတ်တဲ့ လမ်းကြားတွေမှာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ လမ်းပေါ်လုယက်မှုတွေအပါအဝင် နေအိမ်တွေကို ဖောက်ထွင်းပြီး ခိုးယူမှုတွေနဲ့ ကြုံတွေ့နေရသလို လူသူပြတ်တဲ့လမ်းတွေမှာ ဓားပြတိုက်တာတွေလည်း ရှိနေတယ်လို့ အိမ် ဖောက်ထွင်းခံရတဲ့ မြို့ခံတဦးက ပြောပါတယ်။

“ဒီတလော မိုးတွေ အရမ်းရွာတော့ ညဆိုရင် မိုးသံကလွဲပြီး ဘားမကြားတော့ဘူး။ ဟိုနေ့ည ကံကောင်းလို့ ဆိုင်ကယ် မပါသွားတာ။ မိုးသံကြောင့် ဘာမှမကြားရတော့ သူခိုးက သံဆန်ကာနဲ့ ခြံတံခါးကို ညှပ်ပြီးဖြတ်ထားပြီး အထဲတောင်ရောက်နေပြီ၊ လူကနှစ်ယောက်၊ အိမ်သာ ထသွားလို့ ကံကောင်းသွားတာ။ အခုက ကျနော့်အိမ်မှမဟုတ်ဘူး လမ်းပေါ် ဖျာလိုက်ရောင်းတဲ့သူတွေ၊ ပလတ်စတစ်ကောက်တဲ့သူတွေပါ လုခံရတာ။” 

လုယက်တိုက်ခိုက်မှုတွေကြောင့် မတ် ၂၄ ရက်က ရမ်ပူရပ်ကွက်မှာ ပလတ်စတစ်ဘူးခွံတွေ ကောက်တဲ့ အမျိုးသမီး အသက်ဆုံးရှုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရှိတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။ 

လုယက်တိုက်တဲ့သူ အများစုဟာ လူပြတ်တဲ့ နေရာတွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကိုအဓိကထား လုယက်ကြတယ်လို့ မြို့ခံတွေကနေ ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာ အခုလိုရာဇဝတ်မှုတွေများလာတာဟာ ဘိန်းကို အခြေခံတဲ့ မူးယစ်ဆေး သုံးစွဲသူတွေလည်း အများအပြားရှိနေတာကြောင့်လို့ ပြောဆိုသူတွေလည်း ရှိနေပါတယ်။

10 months Ago
Up