စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် တံငါကျေးရွာရှိ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၂၂ ရက် မနက်ပိုင်း ၁၁ နာရီခွဲလောက်က တံငါကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့သလို ဒီနေ့မနက်အစောပိုင်းကလည်း ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
မော်လိုက်မြို့ဘက်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့က အခုလိုမီးရှို့ခဲ့တာဖြစ်ပြီး ရှပ်ပြေးစက်လှေ ၂ စီးနဲ့ တံငါကျေးရွာဘက်ကို လာတာဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဟာ တံငါကျေးရွာအတွင်းမှာပဲ ရှိနေသေးတာကြောင့် မီးလောင်ဆုံးရှုံးမှုအရေအတွက်နဲ့ ပြည်သူထိခိုက်မှုရှိ/မရှိ အခြေအနေ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
တံငါကျေးရွာဟာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေသေးတာကြောင့် တံငါကျေးရွာအပါအဝင် အနီးနားမှာရှိတဲ့ ကျေးရွာနေပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းတွင်းမြစ်အတွင်းကနေ တံငါကျေးရွာဘက်ကိုလာစဥ် လမ်းခုလပ်တနေရာအရောက်မှာ PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၇ ဦးလောက် ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ PDF အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ PDF အားကောင်းတဲ့ဒေသတွေကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းနဲ့ တရစပ် ထိုးစစ်ဆင်လှုပ်ရှားနေသလို ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့တာ၊ ပစ္စည်းတွေယူဆောင်တာနဲ့ သတ်ဖြတ်တာတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ သြဂုတ် ၂၁ ရက် ညနေ ၃ နာရီလောက်က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မောက်စဖာကျေးရွာက မိန်းကလေး တယောက်အပါအဝင် ဒေသခံ နှစ်ယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သူတွေကတော့ အသက် ၁၃ နှစ်အရွယ် မဇင်မီဝေနဲ့ ကယားကျေးရွာက အသက် ၅၀ ဝန်းကျင်အရွယ် ဦးဆန်းထွန်းတို့ဖြစ်ပြီး နေအိမ်မှာရှိနေချိန် စစ်တပ်ရဲ့ လက်နက်ကြီးစ ထိမှန်ခံခဲ့ရတာလို့ ဆိုပါတယ်။
မဇင်မီဝေဟာ ညာဘက်လက်ပြင်မှာ လက်နက်ကြီးစ ထိမှန်ခံခဲ့ရပြီး တလက်မကျော်လောက်ထိ နစ်ဝင်ခဲ့ကာ ဦးဆန်းထွန်းကတော့ ရင်ဘတ်မှာ လက်နက်ကြီးစ ထိမှန်ခံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စစ်ရေယာဥ်အုပ်စုက အခုလို ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီအုပ်စုဟာ ချင်းတွင်းမြစ် အထက်ပိုင်းကနေ မုံရွာဘက်ကို စုန်ဆင်းလာတာဖြစ်ပါတယ်။
အခုနှစ်မေလကစလို့ စစ်တပ်က အနောက်မြောက်တိုင်း စစ်ဒေသကို ထိုးစစ်ဆင်ရာမှာ လေကြောင်း၊ ကုန်းကြောင်းအပြင် ချင်းတွင်းမြစ်ရိုးတလျှောက် ရေလမ်းခရီးကိုလည်း အသုံးပြုနေတာကြောင့် မေ ၁၂ ရက်ကစလို့ ကနီ၊ ယင်းမာပင်၊ မင်းကင်းဒေသတွေမှာ ချင်းတွင်းမြစ်အတွင်း စစ်တပ်ထောက်ပို့လမ်းကြောင်းတွေကို ဒေသတွင်း PDF တွေက အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့သလို စစ်ကိုင်းနယ်စပ်၊ မန္တလေးတိုင်းအပိုင်ထဲက မတ္တရာမြို့နယ်မှာလည်း ဒေသတွင်း PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ကလည်း ချင်းတွင်းမြစ်တလျှောက် သွားလာချိန် မြစ်ကမ်းဘေးဝဲယာတွေကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို နေအိမ်အတော်များများလည်း ထိမှန်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်အတွင်းကနေ လက်နက်ခဲယမ်း၊လူအင်အားနဲ့ ရိက္ခာတွေကို ပို့ဆောင့်ဖြည့်တင်းပေးနေတာကြောင့် စက်လှေနဲ့ မော်တော်ရေယာဉ်တွေ မောင်းနှင် ဖြတ်သန်း သွားလာတာ မလုပ်ဖို့ မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mawlaik-PDF က မေ ၁၄ ရက်က ကြေညာခဲ့ပါတယ်။
အဲဒီအချိန်ကတည်း ချင်းတွင်းမြစ်ရိုးတလျှောက် ကမ်းပေါ်ကနေ မြစ်တွင်းသွား စစ်ရေယာဉ်တွေ ကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက စောင့်ဆိုင်းတိုက်ခိုက်လေ့ရှိပြီး နှစ်ဘက်တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။