close

ဖော်မလင်ဆေး

close

December 8, 2022

ထိုင်းတွင် အသားကင်ဆိုင်များသို့ ဖြန့်ဖြူးရန် ဖော်မလင်ဆေးထည့်ထားသည့် ဝက်/အမဲသား ၂၅ တန် ဖမ်းမိ

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ထဲမှာ မူကထ ခေါ် အသားကင်ဆိုင်တွေဆီ ဖြန့်ဖြူး ရောင်းချမယ့် စားသုံးရန်မသင့်တဲ့ ဖော်မလင်ဓာတုဆေးပါရှိတဲ့ ဝက်သား/အမဲသား ကလီစာ ပေါင်းစုံ အလေးချိန် ၂၅ တန်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်တိရစ္ဆာန်မွေးမြူရေးဌာနက ဒီဇင်ဘာ ၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဆိုပါ အသားထုတ်လုပ်ရေးစက်ရုံမှာ ချွန်းပူးရီးခရိုင် ဆီရီရားချားမြို့နယ် ဘော်ဝင်းရပ်ကွက်ထဲမှာ တည်ရှိကြောင်း၊ တိုင်ကြားချက်အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ ဝက်သားနဲ့ အမဲသားတွေကို အပိုင်းလိုက် ခုတ်ထစ်လှီးဖြတ်ပြီးထည့်ထားတဲ့ အအေးခန်းကွန်တိန်နာတွေရော၊   အသားတွေ စိမ်ထားတဲ့ ဖော်မလင်ဆေးပါ အအေးသေတ္တာပေါင်း ၃၀ လောက်ကိုပါ တွေ့ရတယ်လို့ ခရိုင်တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး တိရစ္ဆာန်ဆရာဝန် ဒေါက်တာ ဆူမ်ချွန်းရတ်တန မန်းခလားနွန်း က ပြောပါတယ်။ 

အဆိုပါအသားထုတ်လုပ်တဲ့စက်ရုံဟာ ချွန်းပူးရီးခရိုင်ထဲမှာရှိတဲ့ မူကထအသားကင်ဆိုင်တွေကို ဖြန့်ဖြူးရောင်းချပေးနေတာဖြစ်ပြီး အမြဲမှာယူနေတဲ့ ဆိုင်ပေါင်း ၆၆ ဆိုင်ရှိကြောင်း၊ အော်ဒါမှာထားတဲ့ ဘောက်ချာစာရွက်ပေါင်း ၂၃၀၀ စောင်ကိုလည်း စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဖော်မလင်ဆေးထဲမှာ စားသုံးရန်မသင့်သော ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်နဲ့ ငရဲမီးတွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေကြောင်း၊ အဆိုပါအသားထုတ်စက်ရုံမှာ တရားဝင်ခွင့်ပြုချက် အထောက်အထားမရှိ၊ သားသတ်လိုင်စင်မရှိ၊  အစားအစာနဲ့ဆေးဝါးဌာန ထောက်ခံစာလည်း မရှိတာကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတွေကတော့ အသားတွေ မပုပ်သိုးဘဲ လတ်ဆတ်နေအောင် အဆိုပါအရည်ထဲ ထည့်စိမ်ထားတာဖြစ်ကြောင်း၊ သူတို့အနေနဲ့ ထိုင်းစာမတတ်လို့ အန္တရာယ်ရှိမရှိ  မသိရဘဲ အလုပ်သမားခေါင်းဆောင်ခိုင်းတဲ့အတိုင်း လုပ်ပေးရတာပဲလို့ ပြောပါတယ်။ 

အဲဒီစက်ရုံကနေ တန်ဖိုး ဘတ် ၅ သန်းကျော်ရှိ ဝက်သားနဲ့အမဲသား အလေးချိန်စုစုပေါင်း ၂၅ တန် (၂၅၀၀၀ ကီလိုဂရမ် ) ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါဖော်မလင်ဆေးဟာ လူသေအလောင်းတွေ မပုပ်မသိုးဘဲ တာရှည်ခံအောင်ထည့် သွင်းရတဲ့ ဆေးသာဖြစ်ပြီး စားသုံးရန်မသင့်လျော်ကြောင်း၊ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာများထုတ်လုပ်ရောင်းချသည်ကို တွေ့ရှိပါက ချွန်းပူးရီးခရိုင် တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးဌာန အရေးပေါ်ဖုန်းနံပါတ် ၀၆၃ ၂၂၅ ၆၈၈၈ ကို ၂၄ နာရီ တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ 

ကိုးကား - Nation TV / Channel 7 TV news

12 mins Ago
Up