close

ဖေ့စ်ဘွတ်ခ်ပို့စ်

close

September 29, 2022

ဖေ့စ်ဘွတ်ခ်ပို့စ်တင်မှုဖြင့် တမူးဒေသခံ ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၁ ရပ်ကွက်က ဒေသခံ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သားအဲငယ်ကို စစ်သားတွေက လာဖမ်းသွားကြတာ။ ဖေ့စ်ဘွတ်ခ်မှာ သူတို့ကို မိုက်‌ရိုင်းစော်ကားတဲ့အကြောင်းတွေ ရေးလို့တဲ့။ မဟုတ်မမှန်သတင်းတွေ ဖြန့်လို့တဲ့။”

ဖမ်းဆီးထိန်းသိမ်းခံရသူ ကိုသားအဲငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တမူးမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သစ်ဆန်းဦး (ခ) သားအဲငယ်ဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြည်သူတွေ အေးချမ်းစွာ သွားလာနေထိုင်နိုင်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ လုံခြုံရေး ယူနေသူတွေကို မိုက်ရိုင်းစော်ကားနေတဲ့အတွက် သူ့ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလော တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏရှိပြီး စစ်‌ကောင်စီက တမူးမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၆ လကျော်နေပြီ ဖြစ်ပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက်မနည်း ရှိလာကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

14 mins Ago

September 8, 2022

ဖေ့စ်ဘွတ်ခ်တွင် ပို့စ်တင်သည့် ကလေးမြို့ခံ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၆ ရက်က ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးခံရသူ ဦးသာထွန်းလင်းကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပြီး မိသားစုဝင်‌တွေနဲ့ အဆက်အသွယ်မရသေးပါဘူး။

ဦးသာထွန်းလင်းဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေတဲ့ မမှန်သတင်းတွေ ဖြန့်ဝေနေကြောင်း သိရှိရတဲ့အတွက် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့ ဒေသခံတယောက်က “သူတို့တွေက ဖေ့စ်ဘွတ်ခ်မှာလည်း စောင့်ကြည့်နေကြတာ။ ဒါကြောင့် တော်လှန်ရေးနဲ့ ပတ်သက်ရင် ဖေ့စ်ဘွတ်ခ်မှာ မတင်တာ အကောင်းဆုံးပဲ၊ အဖမ်းခံရရင် မလွယ်ဘူး” လို့ ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀‌ ဝန်းကျင် ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စာရင်းအရ  သိရပါတယ်။

3 weeks Ago
Up