CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့ (New South Wales State-NSW)အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖဲကြိုးဖြူလှုပ်ရှားမှုကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က အကောက်ခွန်အိမ်ရာဝင်းရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်အတွင်း အမျိူးသမီးနဲ့ ကလေးတွေအပေါ် စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်တာကို မီးမောင်းထိုးပြဖို့နဲ့ အသိပညာပေးဖို့ လုပ်တာလို့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောပါတယ်။
ဒါအပြင် ဩစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာကို လုပ်ဆောင်ပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပြီး စစ်အစိုးရက သူတို့ ကျူးလွန်တဲ့ ရက်စက်ယုတ်မာတာတွေအပေါ် တာဝန်ယူပေးဖို့လည်း အဲဒီလှုပ်ရှာမှုမှာ တောင်းဆိုခဲ့ကြပါတယ်။
အခုလှုပ်ရှားမှုမှာတော့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက အဓိကဟောပြောသူအဖြစ် ဆောင်ရွက်ခဲ့ပြီး သြစတြေးလျနိုင်ငံ Myanmar Campaign Network ရဲ့ စည်းရုံးရေးမန်နေဂျာ Tasneem Roc က MC အဖြစ် ဆောင်ရွက်ခဲ့တာပါ။
တခြားဟောပြောသူတွေကတော့ မွန်ဇင်နဲ့ CRPH/NUG အထောက်အကူပြုအဖွဲ့မှ ကိုယ်စားလှယ် နိုင်ဝင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီလှုပ်ရှားမှုကို ပရော်ဖက်ရှင်နယ်ဂီတပညာရှင် Deborah Tin က တက်ရောက်ခဲ့ပြီး Lesley Gore ရဲ့ "You Don't Own Me" နဲ့ "We are the world" ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဒီနေ့လုပ်တဲ့ ဖဲကြိုးဖြူလှုပ်ရှာမှုဟာ ၁ နာရီသာ ကြာခဲ့ပြီး တက်ရောက်လာသူတွေကို မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာ စောင်နဲ့ ဖဲကြိုးဖြူတွေ ပေးအပ်ခဲ့ပါတယ်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုအား စစ်ဘေးရှောင်တွေရှိတဲ့ ဖရူဆိုမြို့နယ်၊ ထိုခွီဆိုကျေးရွာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ် ဆောင်ပုဒ်နဲ့ အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF)၊ Burmes Women Union (BWU) နဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
ဒီအခမ်းအနားမှာ ပညာပေးတာ၊ တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခက်ခဲ အကျပ်တည်းတွေကို ရင်ဖွင့်ပြောပြတာနဲ့ ဆွေးနွေးနှစ်သိမ့်တဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ လှုပ်ရှားမှုမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံရွာသားတွေ ပါဝင်ခဲ့ကြပါတယ်။