close

ဖဲင်ကိ

close

August 19, 2022

ထိုင်းနာမည်ကြီးသရုပ်ဆောင်မင်းသမီး ဖဲင်ကိ လိမ်လည်မှုဖြင့် အဖမ်းခံရ

ထိုင်းထိပ်တန်းရုပ်ရှင်သရုပ်ဆောင် မင်းသမီးတ‌ယောက်ဖြစ်တဲ့ ဖဲင်ကိ ဆာဝိကာဟာ အများပြည်သူငွေကြေးလိမ်လည်မှုနဲ့ မနေ့ ဩဂုတ် ၁၈ ရက်က အဖမ်းခံလိုက်ရပါတယ်။

Forex-3D လို့ အမည်ပေးထားတဲ့ နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ တခြားနာမည်ကြီးသရုပ်ဆောင်နဲ့ ယုံကြည်သူ ပြည်သူ စုစုပေါင်း ၉,၈၂၄ ဦးထံမှ ရင်းနှီးမြှုပ်နှံမှု ဘတ်သန်းပေါင်း ၂,၈၈၉ ကို လိမ်လည်ထားမှုနဲ့ တရားစွဲခံထားရတာပါ။

Forex-3D မှာ ရင်းနှီးမြှုပ်နှံရင် အမြတ်အစွန်း ၆၀ မှ ၈၀ ရာခိုင်နှုန်းရမယ်၊ မိမိကိုယ်တိုင် အလုပ်လုပ်စရာမလိုဘဲ ကျွမ်းကျင်သူ ဝန်ထမ်းတွေက ဆောင်ရွက်ပေးမယ်လို့ ပြောတာကတကြောင်း၊ မင်းသမီး ဖဲင်ကိဆာဝိကာကလည်း သူမရဲ့ နာမည်အရှိန်အဝါကို အသုံးပြုပြီး ယုံကြည်အောင် စည်းရုံးတာကြောင့် ထောင်နဲ့ချီတဲ့သူတွေ ပါဝင်ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စတင်ပေါ်ပေါက်ပြီး အရင်းနှီး ရှယ်ယာထည့်ထားသူတွေအနေနဲ့ အစပိုင်း သုံးလေးလလောက် အမြတ်ငွေ ပုံမှန်ရပေမဲ့ နောက်ပိုင်းမှာ မရတော့တာကြောင့် ရဲစခန်းမှာ လိမ်လည်မှုနဲ့ အတိုင်ခံခဲ့ရပါတယ်။ ငွေဆုံးရှုံးခဲ့ရတဲ့လူအုပ်စုကြီး စုဝေးပြီး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒီအမှုကို အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) က အရေးယူဆောင်ရွက်နေရာမှာ ဒီမတိုင်ခင်က Forex-3D နဲ့ ပါဝင်ပတ်သက်သူ ၁၀ ယောက်ကို ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ပါတယ်။

မင်းသမီး ဖဲင်ကိ ကတော့ သူကိုယ်တိုင် အလိမ်ခံရကြောင်း၊ ဘတ် ၁၀ သန်းဖိုး ရင်းနှီး ထည့်ဝင်ထားပြီး အမြတ်မရသလို အရင်းပြန်တောင်းလည်း မရဘူးလို့ သတင်းစာ ရှင်းခဲ့ပါသေးတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ကုမ္ပဏီရဲ့မန်နေဂျာမှာ ဖဲင်ကိရဲ့ အစ်ကိုရင်း ဖြစ်နေတာကြောင့် သူမရဲ့အစ်ကို နိုင်းကစ်သီချစ် ချိုင်းဒစ် (အသက် ၄၁ နှစ်) နဲ့ မိခင်ဖြစ်သူရော၊ ဖဲင်ကိ (အသက် ၃၆ နှစ်) ပါ မနေ့က အဖမ်းခံလိုက်ရတာပါ။

ဒီတကြိမ် အဖမ်းခံရသူတွေထဲမှာ သူတို့မိသားစု ၃ ယောက်အပြင် နောက်ထပ် ၆ ယောက်လည်း ဖမ်းဆီးခံရပါတယ်။ ဖဲင်ကိတို့မိသားစု ပိုင်ဆိုင်တဲ့ ကား ၁၄ စီးနဲ့ တခြားပိုင်ဆိုင်မှုတွေပါ အသိမ်းခံထားရပါတယ်။

ဖဲင်ကိတို့မိသားစုကတော့ စွဲချက်တိုင်းကို ငြင်းဆိုထားပြီး အိမ်ဂရံနဲ့ အာမခံကာ အပြင်ကနေ အမှုရင်ဆိုင်မယ် ဆိုပေမဲ့ အမှုဖြစ်နေတဲ့ ငွေပမာဏ အလွန်များပြီး လွှတ်ပေးလိုက်ရင် နိုင်ငံခြားကို ထွက်ပြေးမှာစိုးလို့ တရားသူကြီးက အာမခံပေးဖို့ ငြင်းပယ်လိုက်ပါတယ်။

ဒါကြောင့် အပြင်မှာ စည်းစိမ်အပြည့်၊ ဇိမ်နဲ့ လှလှပပ နေထိုင်လာတဲ့ မင်းသမီးဟာ မနေ့ညကစ အချုပ်ခန်းကျဉ်းထဲမှာ အိပ်နေရပြီဖြစ်ပါတယ်။

အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က Forex-3D မှာ ပါဝင်ပတ်သက်သူတွေကို လိမ်လည်ငွေချေးမှု၊ အများပြည်သူအားလိမ်လည်မှု၊ ကွန်ပြူတာအသုံးပြု၍ မဟုတ်မမှန် အချက်အလက်များ ဖြန့်ဝေမှုတွေနဲ့ အရေးယူထားပါတယ်။

ဒီလ ၂၆ ရက်နေ့မှာ အမှုရုံးချိန်းရှိပြီး ဖဲင်ကိနဲ့ မိသားစုတွေကတော့ အဆုံးစွန် ရင်ဆိုင်သွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဖဲင်ကိ  ဆာဝိကာဟာ ထိုင်း-ပါကစ္စတန် ကပြား၊ အစ္စလာမ်ဘာသာဝင်တယောက်ဖြစ်ပြီး အသက် ၇ နှစ်ရွယ်ကစ ကလေးသရုပ်ဆောင်အနေနဲ့ ရုပ်ရှင်လောကထဲ ဝင်ရောက်ပါတယ်။ အရွယ်ရောက်တော့ သီချင်းလည်း ဆိုတတ်တာကြောင့် အဆိုတော်၊ မော်ဒယ်လ်၊ ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ ထင်ရှားကျော်ကြားပြီး လွန်ခဲ့တဲ့ ၈ နှစ်က အစ္စလာမ် စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ အိမ်ထောင်သက် ၃ နှစ်ကြာတဲ့အခါ သဘောထားချင်း မတိုက်ဆိုင်တဲ့အတွက် ပြန်လည်ကွာရှင်းခဲ့ကြပါတယ်။

1 hour Ago
Up