close

ဖျာပုံထောင်

close

February 7, 2022

ဖျာပုံထောင်ရှိ နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးမည်ဆိုကာ မိသားစုထံမှ ငွေလိမ်မှုများရှိနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ အကျဉ်းထောင်မှာ မတရားပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ‌ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ပိုက်ဆံတောင်းယူပြီး ပြန်လွှတ်ပေးမယ်ဆိုကာ လိမ်လည်မှုတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ကာ ငွေတောင်းခံတာတွေပြုလုပ်ပြီး ပြန်လွှတ်ပေးမယ်ဆိုတဲ့  လိမ်လည်မှုတွေရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ဝန်ထမ်းထဲက ပါလို့ ဒီလိုမိသားစုဝင်တွေကို သိတာပေါ့။ လိမ်တာက အရာရှိက လွှတ်ပေးလိုက်တာလို့ပြောပြီး ဝင်တာ။ မိသားစုကို ပိုက်ဆံတောင်းပြီး လွတ်ငြိမ်း ပါအောင်လုပ်ပေးမယ်ပြောတာပေါ့”လို့ ဒေသခံတယောက်က  ပြောပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေရဲ့  မိသားစုဝင်တွေကို ငွေကျပ်   ၃ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးတာစောင့်ဖို့ ပြောဆိုသလို ဒီလိုလာတဲ့အကြောင်းကို တခြားသူတွေကို ပြန်မပြောဖို့အတွက် ပိတ်ပင်တာတွေလည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကကျပ် ငွေ ၃ သိန်းကို ရှာပေးပြီး နီးစပ်ရာ နိုင်ငံရေးအသိုင်းဝိုင်းက လူအချင်းချင်း ပြန်တိုင်ပင်မှသာ အဲ့ဒီလို လိမ်လည်ခံရတာကို သိခဲ့ရတာလို့ ဒေသခံအများစုက ပြောပါတယ်။

အလားတူ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝန်း နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို  စစ်အုပ်စုက ကြုံသလိုဖမ်းဆီးပြီး  ရဲစခန်းအချုပ်တွေမှာ ထိန်းသိမ်းထားကာ မိသားစုတွေ ဆွေမျိုးတွေထံက ငွေညှစ်တာတွေရှိနေပါတယ်။

ဒါ့အပြင် သွားရောက်ဖမ်းဆီးတဲ့အခါမှာလည်း ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ အဖိုးတန်  လက်ဝတ်လက်စားတွေနဲ့ တယ်လီဖုန်းတွေ၊ ကွန်ပြူတာတွေကအစ သိမ်းယူပြီး ပြန်မပေးတော့ တာတွေလည်း ရှိနေပါတယ်။ 

31 seconds Ago

January 13, 2022

ဖျာပုံထောင်မှ အကျဉ်းသား ၁ ဦး ထောင်ပိုင်ကြီးအိမ်၌ သန့်ရှင်းရေးလုပ်နေစဉ် ထွက်ပြေး လွတ်မြောက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့က အကျဉ်းထောင်က အကျဉ်းသားတယောက် ထွက်ပြေး လွတ်မြောက်သွားပြီး ၄ ရက်ကြာတဲ့အထိ  ပြန်ဖမ်းမမိသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ထွက်ပြေးသွားတဲ့ အကျဉ်းသားဟာ ထောင်ပိုင်ကြီး ဦးမျိုးဇော်ထွန်းရဲ့ နေအိမ်မှာ သန့်ရှင်းရေးလုပ်ဖို့ စေခိုင်းထားချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ပြောပါတယ်။

“သူက ခိုးမှုနဲ့ထောင်ကျတာ ဟင်္သာတထောင်ကနေ ဖျာပုံထောင်ရောက်လာတာ လွတ်ဖို့ကတော့ သိပ်မလိုတော့ဘူး ထောင်ပိုင်အိမ်မှာသန့်ရှင်းရေးလုပ်ခိုင်းထားတဲ့အချိန်မှာ ပြေးသွားတာ ပြန်တော့ မမီသေးဘူး”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ အကျဉ်းသားမှာ ခိုးမှုနဲ့ထောင်ကျထားတဲ့ နိုင်ဦးဆိုသူဖြစ်ပြီး လွတ်ဖို့အတွက် ၁၀ လဝန်းကျင်လိုသေးတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်နဲ့ ဖျာပုံစတဲ့ ခရိုင်တွေမှာ အကျဉ်းထောင်တွေရှိပြီး ၂၀၂၂ ခုနှစ်အတွင်း အကျဉ်းသားထွက်ပြေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

4 weeks Ago
Up