ဧရာဝတီတိုင်း၊ ဖျာပုံမြို့ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစု တွေက မနက် ၁၀ နာရီကျော်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့လုပ်ခဲ့တယ်ဆိုတာ လုပ်တာကောင်းပါတယ်။ အုပ်ကြီးပါ သေသွားစေချင်တာ၊ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးနေတာ။ ခုလိုမျိုးလုပ်တာ သဘောတူပါတယ်၊ ကျေနပ်ပါတယ်။ လုပ်တဲ့ကလေးတွေလည်း ကျန်းမာပါစေ၊ လုံခြုံပါစေလို့ ဆုတောင်းပါတယ်။”
အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးတွေ ရောက်ရှိလာပြီ ရပ်ကွက်နဲ့ အနီးတဝိုက်ကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ဆေးမှုတွေ တင်းကြပ်လာပြီး မသက်ဆိုင်တဲ့ ဒေသခံပြည်သူတွေအား စွပ်စွဲဖမ်းဆီးမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်တာဟာ မိမိတို့နဲ့ Black Dragon တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ဖျာပုံအခြေစိုက် PDFP အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးနဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှာတော့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးဖြစ်သူ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကို အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “PDF ထောက်ပံ့လို့ဆိုပြီး ဖမ်းတာ၊ အယောက် ၂၀ ကျော်လောက်ရှိတယ်။ ကျန်တဲ့သူတွေကိုတော့ စစ်နေတုန်း။ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးရယ် လုပ်ငန်းရှင် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရယ် သူတို့ ၃ ယောက်ကိုတော့ အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်လိုက်ပြီ” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးဖြစ်သူ မကေသီဝင်းနဲ့အတူ ဒေသခံလုပ်ငန်းရှင်တွေဖြစ်တဲ့ မဆွေဆွေလှိုင်နဲ့ ကိုမျိုးမျိုး ဆိုသူကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာပါ။
ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး တဦးကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-(ည) နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပါသေးတယ်။