close

ဖြတ်သန်းသူ

close

April 1, 2022

ဘုရားသုံးဆူမြို့နယ်ခွဲ စစ်တပ်စခန်းရှေ့မှ သတ်မှတ်ချိန်လွန် ဖြတ်သန်းသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ်ခွဲ (ဝင်းရေးမြို့နယ်)၊ လွတ်ရှမ်းကျေးရွာ စစ်ကောင်စီ တပ်စခန်းရှေ့ကနေ ညနေ ၄ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာသူတွေကို ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်ရှမ်းကျေးရွာကနေ နယ်လှည့်ဈေးရောင်းနေသူတွေ ညနေ ၄ နာရီနောက်ပိုင်း တပ်စခန်းရှေ့ကနေ ဖြတ်သန်းသွားလာပါက ပစ်သတ်မယ်လို့ ခမရ ၂၀၇ တပ်စခန်း (လွှတ်ရှမ်း) မှ ဗိုလ်မှူးဟန်မင်းက ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ္။

လွတ်ရှမ်းကျေးရွာ၊ နယ်လှည့်ဈေးရောင်ချနေသူတဦးက “တပ်စခန်းက ၄ နာရီနောက်ပိုင်းသွားရင် ပစ်သတ်မယ်ဆိုတော့ ကျနော်တို့က ဈေးပဲရောင်းစားနေတာလေ။ အခုလို အချိန်ကန့်သတ်လိုက်တော့ ဘာလုပ်စားရမှာလဲ။ အခုလိုဆိုရင် အခြေခံ လက်လုပ်လက်စားတွေအတွက် အဆင်မပြေတော့ဘူး။ လုပ်စားရတာလည်း လွတ်လွတ်လပ်လပ် လုပ်စားလို့တောင် မရတဲ့ဘဝ ရောက်နေပြီ” လို့ ပြောပါတယ်။

အဆိုပါတပ်စခန်းဟာ မော်လမြိုင်-သံဖြူဇရပ်-ဘုရားသုံးဆူသွား လမ်းမကြီးဘေးမှာ တည်ရှိပြီး အနန်းကွင်း၊ ခလယ်တံခွန်တိုင်၊ တညင်၊ ဖာယာ၊ ဖားပြ၊ ကျုံခဝန်၊ တောင်ဒီး၊ ဝင်းထောင်း၊ နန်းခွီး၊ ဆိပ်ဖူးကုန်း ကျေးရွာတွေက ဒေသခံတွေ အဓိကအားထား အသုံးပြုနေတဲ့ လမ်းမကြီး ဖြစ်ပါတယ်။

အခုလို တပ်စခန်းက ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ အရေးပေါ် ကျန်းမာရေးကိစ္စတွေ ဖြစ်ပေါ်လာပါက အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းတွေ၊ စားသောက်စရာတွေ၊ တိရစ္ဆာန်တွေကို အတင်းအဓမ္မ ယူဆောင်တာတွေနဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

12 mins Ago
Up