ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက ဘုရားလဟာရွာမှာ လုံခြုံရေးယူပြီးပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက် အပြင်းထန် ဒဏ်ရာ ရခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ က သိရပါတယ်။
ဘုရားလဟာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အလှူအိမ်မှာ လုံခြုံရေးယူပြီး ပြန်လာတဲ့ ကညွှတ်ကွင်းနယ်မြေရဲစခန်းက ရဲတွေကို မနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကညွှတ်ကွင်း အရှေ့ဘက် ခင်ကြီးရွာနဲ့ သရက်ကုန်းရွာကြားမှာ ဖြူး ပ.က.ဖ ဗိုလ်ကျားကြီး ဦးဆောင်တဲ့အဖွဲ့က ကြာဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖြူးပကဖ ရဲ့တာဝန်ခံ ဗိုလ်ထိန်လင်းက ပြောပါတယ်။
နှစ်ဘက်အပြန်အလှန် ထိတွေတိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွားခဲ့ပြီး နယ်ထိန်းရဲ သန့်ဇင်အောင် အပါအဝင် ရဲ ၃ ယောက် ဒဏ်ရာရရှိပြီး PDF ရဲဘော်တွေကတော့ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖြူးမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဖြူးမြို့နယ် ပ.က.ဖ ကနေ သိရရပါတယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် ပစ်သတ်ခံရပြီး အုတ်ဖိုမြို့နယ်မှာလည်း ဇန်နဝါရီ ၁ ရက် ညက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်ရဲ့နေအိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဖြူး ပ.က.ဖ နဲ့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ ကနေ သိရပါတယ်။
ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းကို မနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ကျေးပင်ပေါက်ရွာ အနောက်ဘက်လမ်းမှာ ဖြူးမြို့နယ် ပ.က.ဖ အမှန်တရား ချစ်မြတ်နိုးသူများအဖွဲ့က သေနတ်နဲ့ အသေပစ်ခတ် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ တာဝန်ခံ ဗိုလ်ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ မြပဲခူးအုပ်စု၊ ဝက်တူးရွာမှာ နေထိုင်သူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းပြီး စစ်ကောင်စီထံ ပေးပို့တာတွေ၊ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျတာတွေ၊ စစ်ကောင်စီ စစ်ကြောင်းတွေမှာ ကိုယ်တိုင်လိုက်ပါတာတွေကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အသေပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင်ဇော်မင်းရဲ့နေအိမ်ကို မနေ့ ဖေဖော်ဝါရီ ၁ ရက် ည ၉ နာရီလောက်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၅ ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်တဲ့ အခြေအနေတွေကိုတော့ အတိအကျ မသိရသေးဘူး။ အဲဒီအုပ်ချုပ်ရေးမှူးကတော့ စစ်ကောင်စီတပ်ကိုခေါ်ပြီး ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေကြောင့် ဖမ်းဆီးခံရသူတွေရှိသလို ထွက်ပြေးတိမ်ရှောင်ရသူတွေလည်း ရှိနေတာကြောင့် သူ့ရဲ့နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာ။”
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာလည်း ဇန်နဝါရီ ၂၉ ရက် ညက ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ မင်းလှမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စုအနီး ကားလမ်းဘေးမှာ “၂၀၂၃ ရွေးကောက်ပွဲ လုံးဝလက်မခံ စစ်အာဏာရှင်အလိုမရှိ” ချိတ်ဆွဲထားတဲ့ဗီနိုင်းကို လာဖြုတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၃၀ ရက် မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF တွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ (မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က လုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။
မြေပြင်သတင်းရင်းမြစ်တွေအရ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခြင်းရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပဲခူး PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။