close

ဖြေလျှော့

close

December 14, 2022

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ဂိတ်များတွင် ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်းခရိုင်၊ ထိန်ချုံးမြို့နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ကန်ပိုင်တီ ကုန်သွယ်ဂိတ်ကိုလည်း တရုတ်ဘက်က ဒီဇင်ဘာ ၁၃ ရက် မနေ့မနက် အစောပိုင်းကစပြီး ကိုဗစ်-၁၉ ထိန်းချုပ်မှုတွေ ‌‌ဖြေလျှော့ပေးလိုက်ကာ ရှန်တိန်စနစ် ထပ်မံဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်‌တွေက ပြောပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ဟုတ်တယ်။ အဝင်အထွက်တွေ အကုန်လုံး open ဖြစ်သွားတော့မှာပေါ့နော်။ ပုံမှန်အတိုင်း ကိုဗစ်မဖြစ်ခင်တုန်းကပုံစံ ပြန်ဖြစ်သွားတော့မှာပေါ့နော်” လို့ ပြောပါတယ်။

တရုတ်ဘက် ဗဟိုကနေ ဟောင်ကောင်အပါအဝင် နယ်စပ်ဂိတ်တွေအကုန်လုံးဖွင့်ဖို့ အသိပေး ကြေညာချက် ထုတ်ပြန်စာတွေ တခုပြီးတခု ထွက်လာတယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသခံတဦးက “ထိန်ချုံးဘက်က ဂိတ်၊ ကန်ပိုင်တီလမ်းက ဂိတ်၊ ၁၂ လပိုင်း ၁၃ ရက်နေ့ ၀၀:၀၀ နာရီ‌၊ ည ၁၂ နာရီကနေ အကုန်လုံးကို ရုပ်သိမ်းလိုက်ပြီ။ ကိုဗစ်စစ်ဆေးတာ၊ ကားကို ကိုဗစ်စစ်တာ၊ ပိုးသတ်ဆေးဖျန်းတာတွေ၊ ပြီးရင် မြန်မာကားတွေကို တရုတ်ဘက် မဝင်ခိုင်းဘဲ အစားထိုး ယာဉ်မောင်းတာတွေ အားလုံး ဖျက်သိမ်းလိုက်ပြီ။ ခုက လုပ်ငန်းရှင်တွေကိုယ်တိုင် ဦးဆောင် လုပ်ကိုင်လို့ရပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်ဘက် လင်ရှန်းခရိုင်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော် နှစ်နိုင်ငံကုန်သွယ်ရာဘက်ကိုလည်း တခြားနယ်စပ်ဂိတ်တွေလိုပဲ ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က စာထုတ်ထားတယ်လို့ သူက ပြောပါတယ်။

“မုန်းဒိန် - ချင်းရွှေဟော်ဘက်လည်း ထိန်ချုံးဘက်ကလိုပဲ ဖျက်သိမ်းလိုက်တယ်။”

ချင်းရွှေဟော်ဘက်မှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီး စစ်ဆေးတာ မရှိတော့ပေမဲ့ ပို့ကုန်၊ သွင်းကုန် ပစ္စည်းတွေကို တင်ပို့တင်သွင်းခွင့်ရမရ စစ်ဆေးတာတွေ ရှိမှာဖြစ်ကြောင်း ထုတ်ပြန်စာမှာပါရှိပြီး ထုတ်ပြန်စာမှာ ဘယ်အချိန်ကစ ရုပ်သိမ်းတာမပါဘဲ ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားကြောင်း ရက်စွဲပဲပါတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်း တချို့နယ်စပ်ဂိတ်တွေနဲ့ တရုတ်ဘက်ခြမ်း နယ်စပ်ဂိတ်တွေအားလုံးကတော့ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်တွေနဲ့ ပတ်သက်ပြီး ကိုဗစ် ပိုးစစ်ဆေးတာတွေ၊ ဆေးဖျန်းတာတွေ မရှိတော့တဲ့အပြင် ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ်တွေ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့ မြန်မာဘက်ခြမ်း မူဆယ် ကျင်စန်းကျော့ဘက်ကတော့ ကိုဗစ်အကြောင်းပြချက်နဲ့ လုပ်ထားတဲ့ ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ် ဖျက်သိမ်းခြင်း မရှိသေးတာကြောင့် ကုန်ကျစရိတ်တွေ မြင့်မားနေဆဲဖြစ်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

9 hours Ago

July 1, 2022

ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုလျော့ကျလာ၍ နှာခေါင်းစည်းတပ်ဆင်မှု စစ်ကောင်စီ ဖြေလျှော့

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ လျော့ကျလာတာကြောင့် တကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေက ပါးစပ်နဲ့ နှာခေါင်းစည်း Mask တပ်ဆင်တာတွေကို ဖြေလျှော့‌လိုက်တယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွန် ၃၀ ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ ခုလိုဖြေလျှော့လိုက်တာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာတာ၊ ပြည်သူလူထုက ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ပူးပေါင်းလိုက်နာဆောင်ရွက်မှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

မဖြစ်မနေ တပ်ဆင်ဖို့ လိုအပ်တဲ့ အခြေအနေတွေအနေနဲ့ အခန်းတွင်း လူတဦးနဲ့တဦး နီးကပ်စွာ ရှိနေတာ၊ အများပြည်သူ အသုံးပြုတဲ့ မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စတဲ့ ယာဉ်တွေနဲ့ ခရီးသွားတာ။ အများပြည်သူ ဝင်ထွက်သွားလာ အသုံးပြုတဲ့ ဆေးရုံ၊ ကျန်းမာရေးဌာန၊ ရုံး၊ ကျောင်း၊ ဈေးဝယ်စင်တာ၊ ဘိုးဘွားရိပ်သာ တွေစတဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ လူအများနဲ့ ရှိနေတာ။ ဖျားနာ၊ ချောင်းဆိုး၊ နှာချေ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်လက်မအီမသာ၊ ကိုက်ခဲ၊ ရုတ်တရက် အနံ့အရသာပျောက်တာ စတဲ့ ကိုဗစ်-၁၉ လက္ခဏာတခုခု ရှိနေချိန်တွေမှာတော့ နှာခေါင်းစည်း Mask ကို တပ်ဆင်ထားရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဩဇာခံကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းလောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ခွဲနီးပါးကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက် နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ ၂၉ သန်းကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

6 months Ago
Up