close

ဖွတ်

close

March 2, 2023

ထိုင်းတွင် အသားလုံးစက်ရုံသို့ ရောင်းချသည့် ဖွတ်သားနှင့် ဖွတ်ကောင်များဖမ်းမိ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆုဖန်းပူးရီးခရိုင်၊ အူထောင်းမြို့နယ်ထဲမှာ အသားလုံးစက်ရုံကို ရောင်းချပေးနေတဲ့ ဖွတ်သားနဲ့ ဖွတ်ကောင်တွေကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အူထောင်းမြို့နယ် ဘန့်ခုတ်ရွာမှာ ဖွတ်နဲ့လိပ်တွေ မွေးမြူထားပြီး အသားဖျက်ရောင်းချနေကြောင်း သတင်းပေးချက်ရရှိတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့နဲ့ သဘာဝသစ်တောနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာတာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါနေရာကနေ ဖွတ်အရှင် ၃၂ ကောင် ၊ အရေခွံနွှာပြီးသားဖွတ် ၅၉ ကောင်၊ လိပ် ၂၈ ကောင်နဲ့ ဖွတ်သားတွေကို ခုတ်ထစ်လှီးဖြတ်နေတဲ့ အလုပ်သမား ၅ ယောက်ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ခြံပိုင်ရှင်မှာ အသက် ၇၃ နှစ်ရွယ်ရှိ နိုင်းမွန်းဆိုသူအဘိုးအိုတစ်ဦးဖြစ်ပြီး သူက ဖွတ်သားနဲ့ လိပ်သားတွေ လာဝယ်တဲ့လူရှိလို့ အသားပေါ်ပြီးရောင်းချနေတာဖြစ်ကြောင်း၊ အဲဒီတိရစ္ဆာန်တွေကိုတော့ ရွာသားတွေက တောထဲမှာလိုက်ဖမ်းပြီး လာရောင်းပေးကြောင်း၊ ဥပဒေနဲ့ညှိစွန်းတဲ့ အလုပ်ဆိုတာကို မသိခဲ့ဘူးလို့ ပြောပါတယ်။ 

အလုပ်သမားတွေကလည်း နေ့စား ဘတ် ၃၀၀ ရလို့ လာလုပ်နေတာဖြစ်ပြီး ဥပဒေအကြောင်း နားမလည်ဘူးလို့ ပြောပါတယ်။ 

ဖွတ်သားတွေလာဝယ်လေ့ရှိတဲ့ နိုင်းပဆစ် (၆၇ နှစ်)ကလည်း သူကတော့ ဖွတ်တွေကို သတ်ဖြတ်သူမဟုတ်ဘဲ ပေါ်ပြီးသားအသားတွေကိုသာ ဝယ်ကြောင်း၊ ဖွတ်သား ၁ ကီလိုကို ၁၁၀ ဘတ်ပေးရပြီး ဆုဖန်းပူရီက အသားလုံးရောင်းတဲ့ဆိုင်ကို သွားသွင်းကြောင်း၊ ဥပဒေမဲ့ အလုပ် ဆိုတာကို မသိလို့လုပ်မိတာလို့ ဆိုပါတယ်။

အဆိုပါအသားလုံးစက်ရုံမှာ ကြက်သားလုံး၊ ငါးလုံးတွေထုတ်လုပ်ပြီး တနိုင်ငံလုံးတင်ပို့ရောင်းချ တာကြောင့်  စားသုံးသူတွေမှာ ဖွတ်သားစားမိလေခြင်းဆိုပြီး နောင်တတွေလည်း ရတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။ 

ဒါ့အပြင် ဖွတ်ရဲ့အရေခွံဟာလည်း ဆဲလ်မွန်ငါးအရေခွံအကြွပ်ကြော်နဲ့ ရောနှောရောင်းချကြောင်း သတင်းတွေထွက်ပေါ်နေတာကြောင့် ငါးရေခွံအကြွပ်ကြော်နှစ်သက်သူတွေလည်း နောက်ထပ်ဝယ်စားရမှာ တွန့်ဆုတ်နေကြပါတယ်။

တာဝန်ရှိသူတွေက ဖွတ်သားဝယ်ယူတဲ့ သားငါးအစားအစာစက်ရုံကို သွားရောက်စစ်ဆေးရာ မှာတော့ အသားလုံးတွေထဲမှာ ဖွတ်သားရောနှောခြင်းမရှိဘဲ တောတွင်းသား စားသုံးလိုသူတွေ အတွက် သီးသန့်လုပ်ပေးတာလို့ ပြောပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ပါဝင်ပတ်သက်သူတွေအနေနဲ့  ဥပဒေ အရအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ သဘာဝသစ်တောနဲ့ သားရိုင်းတိရိစ္ဆာန်များကာကွယ်ရေးဥပဒေအရ တားမြစ် တိရစ္ဆာန်တွေ  မွေးမြူခြင်း၊ အသားထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းတွေပြုလုပ်က ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၅ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။ 

ကိုးကား- Chiangmainews

5 mins Ago
Up