close

ဖွေ့ထိုင်းပါတီ

close

April 7, 2023

ဖွေ့ထိုင်းပါတီအနိုင်ရလျှင် ပြည်သူ့ဖုန်းထဲ ဘတ်ငွေ ၁ သောင်း ဖြည့်ပေးမည့်ကိစ္စ ဝေဖန်မှုမြင့်တက်

ထိုင်းနိုင်ငံမှာ လာမယ့်မေလ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာပါတီအသီးသီးက ကွင်းဆင်းပြီး မဲဆွယ်နေကြရာမှာ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း သွင်းထားတဲ့ နိုင်းဆေထာ ထဝီးဆင်က သူတို့သာ အစိုးရဖြစ်ခဲ့ရင် အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်းရဲ့ ဖုန်းထဲကို ဒစ်ဂျစ်တယ်လ်ငွေ ဘတ် ၁၀,၀၀၀ စီ ဖြည့်ပေးမယ်လို့ ပြောထားတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အထူးသဖြင့် နိုင်ငံရေးပါတီတွေကြားထဲမှာ ပြောထားတဲ့အတိုင်း လက်တွေ့မှာ ဖြစ်နိုင်ချေ ရှိမရှိ၊ ဘယ်ကငွေတွေနဲ့ပေးမှာလဲ၊ နိုင်ငံတော်ဘဏ္ဍာရေးစီမံခန့်ခွဲမှု ထိခိုက်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဝေဖန်မှု မြင့်တက်နေတာပါ။

လက်ရှိ အစိုးရအိမ်တော်ပြောခွင့်ရနဲ့ လူမ့်ထိုင်းဆန့်ချတ်ပါတီမှ နိုင်းထနကွန်း ဝမ်းဘွန်းခုန်းချနက ဖွေ့ထိုင်းပါတီမူဝါဒ ဘယ်လိုရှိတယ်ဆိုတာတော့ မသိကြောင်း၊ အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်းကို ဘတ် ၁၀,၀၀၀ စီပေးမယ်ဆိုတော့ ထိုင်းမှာ ၁၆ နှစ်ပြည့်သူ သန်းပေါင်း ၅၀ ကျော်ရှိတယ်၊ ၁ ယောက် ၁၀,၀၀၀ ဆိုရင် ဘတ်သန်းပေါင်း ၂၅၀ သိန်း လိုအပ်တယ်၊ ဒီငွေတွေ ဘယ်ကနေပေးမှာလဲ၊ ငွေစက္ကူတွေ ထပ်ထုတ်မှာလား၊ ဒါဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပြဿနာရှိနိုင်တယ်။ ဒီလိုမက်လုံးပေးမဲဆွယ်တာဟာ ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်ပါရဲ့လား ဆိုတာကို ပြန်ကြည့်ရမယ်လို့ ချန်နယ်လ် ၇ သတင်းထောက်ကို ပြောပါတယ်။

လက်ရှိ ဒစ်ဂျစ်တယ်လ်နဲ့ လူမှုစီးပွားဝန်ကြီးဖြစ်သူ ဖလန်းပချားရတ်ပါတီမှ နိုင်းချိုင်းဝုဒ်ထနာ ခနာနုဆွန် ကလည်း ပါတီအနိုင်ရရေး လူကြိုက်များ ရေပန်းစားတဲ့အရာနဲ့ မဲဆွယ်ပေမဲ့ လက်တွေ့ဖြစ်နိုင်ခြေရှိမရှိ ချိန်ဆကြည့်ရမှာဖြစ်ကြောင်း၊ အရင်ကလည်း ရွာ ၁ ရွာကို ရင်းနှီးမြှုပ်နှံမှု ဘတ် ၁ သန်းစီပေးပြီး စီးပွားရေးထူထောင်စေမယ်လို့ ပြောဆိုခဲ့ပြီး လက်တွေ့မှာ ၁ ရွာကို ဘတ် ၁၀,၀၀၀ သာပေးနိုင်ခဲ့တယ်၊ သူတို့အစိုးရအနေနဲ့တော့ လူတိုင်းကို ထောက်ပံ့တာမဟုတ်ဘဲ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကို အကြောင်းပြချက်နဲ့ ထောက်ပံ့တာပဲရှိတယ်လို့ ပြောပါတယ်။

လက်ရှိ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် နိုင်းအနုထင်း ချန်းဝီရကွန်းကတော့ သူများပါတီကို မဝေဖန်လိုကြောင်း၊ သူတို့ပါတီအနေနဲ့တော့ လူထုဘဝမြှင့်တင်ရေးအတွက် ပေါ်လစီရှိတယ်၊ ပြည်သူတွေဟာ ကိုယ့်ကျေးဇူးရှင်တွေ ဖြစ်တယ်၊ သူတို့ကို ပေးကမ်းတဲ့ အဖြစ်ထက်၊ သူတို့ကို လက်ဖြန့်တောင်းတဲ့သူအဖြစ်ထက် ကိုယ်တိုင် ဝင်ငွေကောင်းတဲ့ စီးပွားရေး တိုးတက်နိုင်မယ့် ပေါ်လစီမျိုး ချမှတ်ဆောင်ရွက်မယ်၊ ပြည်သူတွေရဲ့ သိက္ခာကို ကြည့်ရမယ်လို့ ပြောပါတယ်။

အာဏာရှင် စစ်ကောင်စီကို အမြဲဦးဆောင်ဆန္ဒပြနေတဲ့ ပြည်သူ့ညီညွတ်ရေးအဖွဲ့ ရှေ့နေ ထနိုင်းနုတ်ခေါင် ခေါ် နိုင်းနိသီထွဏ်း လမ့်လေ ကလည်း ဒီလို ငွေပေးပြီး မဲဆွယ်တာဟာ ပြည်သူကို ကူညီသလိုလိုနဲ့ နောက်ကွယ်မှာ ကိုယ့်အကျိုးစီးပွားအတွက် လုပ်နေတာ ဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးစနစ် ပြိုလဲနိုင်တဲ့ထိ အန္တရာယ်ရှိတယ်၊ ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်မှုရှိမရှိ ပြန်ကြည့်ရမယ်၊ ကော်မရှင်ကလည်း အခုလို အဆိုပြုတဲ့ ဖွေ့ထိုင်းပါတီက နိုင်းဆေထာ ထဝီးဆင်ကို ပြန်စစ်ဆေးမေးမြန်းရလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့် ဝေဖန်လိုက်ပါတယ်။

အခုလို ဝေဖန်တာတွေနဲ့ပတ်သက်ပြီး မဲဆွယ်သူ နိုင်းဆေထာ ထဝီးဆင်ကတော့ သူတို့ အစိုးရဖြစ်ရင် စီမံခန့်ခွဲနိုင်လို့ ပြောတာဖြစ်ကြောင်း၊ လူ ၁ ဦးကို ဘတ် ၁၀,၀၀၀ ပေးမယ်ဆိုတာ အမြဲပေးမှာမဟုတ်ဘဲ လူထုစီးပွားရေးမြှင့်တင်စ ၁ ကြိမ်သာ ပေးမှာဖြစ်ပြီး အဲဒီငွေကို ၆ လအတွင်း မိမိနေရပ်လိပ်စာမှာပါတဲ့ ကျေးရွာ/ရပ်ကွက် ၄ ကီလိုမီတာအတွင်း ကွန်မြူနတီထဲမှာသာ သုံးစွဲရမှာဖြစ်ကြောင်း၊ ဒါမှ ရပ်ကွက်/ကျေးရွာတိုင်း ဝင်ငွေရရှိပြီး တနိုင်တပိုင်စီးပွားရေး ထူထောင်နိုင်မယ်၊ မလိုအပ်ဘဲ ကုန်တိုက်ကြီးတွေမှာ သွားပြီး ငွေမသုံးရတော့ဘူး၊ အခုလို ငွေထောက်ပံ့တာနဲ့အတူ တဖက်ကလည်း အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၆၀၀ ပေးမှာမို့ ပြည်သူ့စီးပွားရေး တိုးတက်ဖူလုံမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

12 hours Ago

December 9, 2022

လုပ်အားခ တရက် ဘတ် ၆၀၀ ရစေမည်ဟု ဖွေ့ထိုင်းပါတီမူဝါဒ ကြေညာသည့်အပေါ် ဝေဖန်မှုများ မြင့်တက်

ထိုင်းနိုင်ငံမှာ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ အလားအလာ ရှိနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီ အနေနဲ့လည်း သူတို့ပါတီ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရသာဖြစ်ခဲ့ရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်ကောင်းမွန်စေမယ့် မူဝါဒ ၁၀ ချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါမူဝါဒထဲမှာ ထိုင်းနိုင်ငံရေးနဲ့ လူမှုစီးပွားရေးလောကကြား ဂယက်ထစေခဲ့တာကတော့ လာမယ့် ၅ နှစ်အတွင်း အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၆၀၀၊ ဘွဲ့ရပြီးသူတွေအတွက် လစာ တလ ဘတ် ၂၅,၀၀၀ နဲ့ လူတဦးရဲ့ ၁ နှစ်ဝင်ငွေ အနည်းဆုံး ဘတ် ၂၀၀,၀၀၀ ရရှိအောင် ဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက “တကယ်လုပ်နိုင်မလား၊ ဘယ်က ပိုက်ဆံနဲ့ပေးမလဲ၊ ပိုက်ဆံရှိရင် ပေးချင်သလောက် ပေးလို့ရတာပေါ့။ လက်တွေ့မှာ အဲလောက် မလွယ်ပါဘူး။ သုံးပွင့်ဆိုင် ဆွေးနွေးမှရမယ်။ နောက်ဆက်တွဲ သက်ရောက်မှုတွေ စဉ်းစားရမယ်။ တနေ့ ၆၀၀ ကို အလုပ်ရှင်တွေ ပေးနိုင်ပါ့မလား၊ နေ့စားလုပ်အားခ ၄၀၀ ကနေ ၄၂၀ ထိ၊ ဘွဲ့ရလုပ်အားခ ၂၀,၀၀၀ ထိ ပေးမယ်ဆိုတာကိုတောင် ခုထိမလုပ်နိုင်သေးဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဖုမ်ကျိုင်ထိုင်းပါတီခေါင်းဆောင်လည်းဖြစ် လက်ရှိ ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ အနုထင်းချိုင်းဝီရကွန်းကလည်း သတင်းထောက်တွေရဲ့အမေးကို ဦးစွာ ရယ်သွမ်းသွေးပြီး “နိုင်ငံရေးယဉ်ကျေးမှုအရ သူများပါတီရဲ့မူဝါဒကို မဝေဖန်ချင်ပါဘူး။ အနိမ့်ဆုံးလုပ်အားခ ၆၀၀ က နားထောင်လို့တော့ ကောင်းပါတယ်။ ဒီလိုအကြံအစည် ရှိတာကိုလည်း ချီးကျူးပါတယ်။ လက်တွေ့မှာ လွယ်ကူပါ့မလား။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် ဆွေးနွေးသဘောတူမှ ရတဲ့ကိစ္စပါ။ လုပ်အားခ တိုးပေးရင်း အရင်းအနှီးလည်း တိုးလာမယ်။ လစာတိုးသလောက် ကုန်ဈေးနှုန်း လိုက်တက်မယ်။ အလုပ်သမားတွေရဲ့ဘဝကို အမှန်တကယ် မြှင့်တင်ပေးနိုင်ပါ့မလား” လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချုမ်းကလင်ကတော့ “မဲဆွယ်ရင် တခြားနည်းလမ်းတွေ အသုံးပြုပါ၊ ဒီနည်းနဲ့တော့ မဆွယ်ပါနဲ့။ လုပ်ငန်းရှင်တွေကို ချိန်ကိုက်ဗုံးနဲ့ လှမ်းပစ်ထည့်သလိုပဲ။ စီးပွားရေးလမ်းကြောင်း ပြဿနာဖြစ်လာနိုင်တယ်။ ဒီလိုနည်းနဲ့ မဲဆွယ်တာဟာ လုပ်ငန်းရှင်တွေကို ဝန်ထုပ်ဝန်ပိုးပိစေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်နိုင်တယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပါတယ်။

လုပ်ငန်းရှင်၊ ကုန်သည်နဲ့ စက်မှုဇုန်များအသင်း ဒုဥက္ကဋ္ဌ နိုင်းထနစ်ဆိုရတ်ကတော့ လုပ်အားခ ရုတ်ချည်း ခုန်တက်ပေးလိုက်တာဟာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ကုန်ဈေးနှုန်းလည်း လိုက်ပြီးတက်လာမယ်၊ ပြည်သူတွေကို ထိခိုက်သလို လုပ်ငန်းရှင်တွေကိုလည်း ထိခိုက်စေတယ်၊ ဒီလိုမဲဆွယ်နည်းမျိုးက လုပ်အားခဖွဲ့စည်းပုံကို ပျက်စီးစေတယ်လို့ ပြောပါတယ်။

အလုပ်သမားစွမ်းရည်မြှင့်တင်ရေး ဖောင်ဒေးရှင်း တာဝန်ရှိသူနဲ့ ထိုင်းအလုပ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ နိုင်းချာလီလွဲဆုန်ကလည်း ဒါဟာ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေပါ။ နိုင်ငံရေးအသုံးချနည်းတခုပဲ။ အစိုးရကပြောခဲ့တဲ့ နေ့တွက် ၄၂၀ ဆိုတာ ခုထိတောင် အကောင်အထည် မဖော်နိုင်သေးဘူး။ လက်ရှိ ၃၂၈ ဘတ်ကနေ ၃၄၀ ဘတ်ထိပဲ ရတယ်။ လုပ်အားခတက်ရင် ကုန်ဈေးနှုန်း လိုက်တက်မယ်။ ကုန်ဈေးနှုန်းတက်တာကို ပြန်ပြီး ထိန်းချုပ်ရခက်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အခုလို ဝေဖန်မှုတွေအပေါ်မှာ ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှင်နာဝပ်ရဲ့ သမီးငယ်ဖြစ်တဲ့ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် နန်းဖဲထောင်းထန်းရှင်နာဝပ်က နေ့တွက်လုပ်အားခ ၆၀၀၊ ဘွဲ့ရလစာ ၂၅,၀၀၀ ရရမယ်ဆိုတာ အခုအခြေအနေကို ပြောတာမဟုတ်ဘဲ လာမယ့် ၂၀၂၇ ခုနှစ်ကို ဆိုလိုတာဖြစ်ကြောင်း၊ အခုလက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေနဲ့ဆို လုံးဝမဖြစ်နိုင်ကြောင်း၊ သူတို့ပါတီ အနိုင်ရတဲ့အခါ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး စီးပွားရေးအညွှန်းကိန်း (GDP) တက်လာရင် လုပ်အားခလည်း လိုက်လျောညီထွေ တက်လာမှာကို ဆိုလိုကြောင်း၊ ပါတီရဲ့ စီးပွားရေးမူဝါဒမှာ အလုပ်ရှင်တွေကပဲ ကောင်းစားနေတာမဟုတ်ဘဲ အလုပ်ရှင်ကော အလုပ်သမား လူတန်းစား ၂ ရပ်လုံး ဟန်ချက်ညီညီ တိုးတက်လာစေဖို့ ရည်ရွယ်ခြင်း ဖြစ်တယ်လို့ ဒီဇင်ဘာ ၈ ရက်မှာ သတင်းစာရှင်းပြီး ပြန်လည်ချေပထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှင်နာဝပ်ကလည်း ဝန်ကြီးချုပ် ပရာယုဒ်က လုပ်အားခကို ဘယ်ကနေ ပေးမလဲလို့ မေးလိုက်တာဟာ သူဟာ ဘတ်ဂျက်ပေါ်မှာပဲ မှီခိုနေတဲ့စနစ်ကို အသားကျနေတာဖြစ်ကြောင်း၊ လုပ်အားခ ၆၀၀ ဆိုတာ အစိုးရဆီက ဘတ်ဂျက်က လာတာမဟုတ်ဘဲ တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေက လာမှာဖြစ်ကြောင်း၊ ငွေဆိုတာ ရှာတတ်ရင် နေရာတိုင်းမှာရှိတယ်။ ဝန်ကြီးချုပ်ဟာ စာဖတ်မှုအားနည်းတယ်။ Capital in the 21st Century ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်စေချင်တယ်။ ဖွေ့ထိုင်းပါတီအနေနဲ့ အရင်ကလည်း ပြည်သူလူထု ကိုယ်ပိုင်စီးပွားရေး ထူထောင်နည်းတွေ လမ်းညွှန်ဆောင်ရွက်ခဲ့ဖူးတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

ဖွေ့ထိုင်းပါတီထောက်ခံသူ အသေးစားလုပ်ငန်းရှင်တချို့ကတော့ တနေ့လုပ်အားခ ဘတ် ၆၀၀ ပေးမယ်၊ ၂၀၂၇ ခုနှစ်မှာဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို သူတို့ဆိုင်ရှေ့မှာ ချိတ်ဆွဲထားလိုက်ကြပါတယ်။

ကိုးကား- PPTV

4 months Ago
Up