ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်မားနေဆဲဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲပဲလို့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အောက်တိုဘာ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။
လစဉ် FAO စားနပ်ရိက္ခာစျေးနှုန်း ညွှန်းကိန်းဟာ ပျမ်းမျှ ၁၃၆.၃ မှတ်ဖြစ်ပြီး သြဂုတ်လရောက်မှ ၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။
ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခတွေကြောင့် စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာပြီး ကုန်သွယ်မှု လမ်းကြောင်းတွေ ပြတ်တောက်သွားပြီးတဲ့နောက် မတ်လမှာ ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်းတွေဟာ အမြင့်ဆုံးအဆင့်ထိ တက်သွားခဲ့ပါတယ်။ အဲဒီနောက် အညွှန်းကိန်းဟာ ခြောက်လ ဆက်တိုက်ပြန်ကျဆင်းခဲ့ပါတယ်။
ဒါပေမယ့် အများသုံး စားနပ်ရိက္ခာတွေအတွက် ကမ္ဘာ့စျေးနှုန်း ပြောင်းလဲမှုတွေကို ခြေရာခံတဲ့ ကျယ်ပြန့်တဲ့ ညွှန်းကိန်းဟာ အခုနှစ်အစပိုင်းထက် ပိုမြင့်နေဆဲပါ။
လက်တွေ့မှာ ၁၉၇၀ ပြည့်လွန်နှစ်တွေကစပြီး ၂၀၂၂ ခုနှစ်အထိ ဘယ်တုန်းကထက်မဆို ပိုမြင့်မား နေခဲ့ပါတယ်။
အခု စားနပ်ရိက္ခာ အကျပ်အတည်းဟာ ထုတ်လုပ်မှုထက် လက်လှမ်းမီမှု ပိုများတယ်လို့ FAO ရဲ့ စီးပွားရေး ပညာရှင်ချုပ် မက်ဆီမို တိုရေရိုက လစဉ် အစီရင်ခံစာ ထုတ်ပြန်ပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
စားသောက်ကုန် ဈေးနှုန်းတွေ ကျဆင်းနေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သယ်ယူပို့ဆောင်ရေး စရိတ်စက မြင့်နေလို့ စားနပ်ရိက္ခာ အလုံအလောက်ရဖို့ ပြဿနာတွေ ရှိနေပါသေးတယ်။ လာမယ့်နှစ်မှာ ကမ္ဘာ့မြေသြဇာဈေးနှုန်းနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေတာကိုလည်း တာရဲရိုက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့လာမယ့် ငါးနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာဖွံ့ဖြိုးရေးကို ကူညီဖို့အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ မတည်ပေးမယ်လို့ ဂျီဆဲဗင်း အစည်းအဝေးမှာ သမ္မတဘိုင်ဒင်က လူသိရှင်ကြား ကြေညာပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍတွေအတွက် ရည်ရွယ်တဲ့ ဒီမတည်ရန်ပုံငွေဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းစီမံကိန်း Belt and Road project နဲ့ အပြိုင်ဖြစ်လာပါလိမ့်မယ်။
အင်အားချဲ့ထွင်လာတဲ့ တရုတ်ကို စိုးရိမ်လာတဲ့ ဂျီဆဲဗင်း နိုင်ငံခေါင်းဆောင်တွေဟာ Belt and Road စီမံကိန်းကိုတန်ပြန်နိုင်မယ့် အစီအစဉ်တွေကို မနှစ်ကတည်းက စဉ်းစားခဲ့ကြတာပါ။
အခုတော့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု Partnership for Global Infrastructure and Investment" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံအလိုက် အစီအစဉ်တွေကို လူသိရှင်ကြား ကြေညာလာကြပါတယ်။
ဂျီဆဲဗင်း အစည်းအဝေးအတွင်းမှာ သမ္မတဘိုင်ဒင်က အမေရိကန်ဘက်က လုပ်မယ့် တခြား ပရောဂျက်တွေကို အသိပေးခဲ့ပါတယ်။
ဆက်စပ်အစည်းအဝေးတွေကို ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ အီးယူ၊ ကနေဒါတို့ တက်ရောက်ကြပြီး ရာသီဥတုပြောင်းလဲမှုကိစ္စ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ၊ ကျားမ တန်းတူရေးကိစ္စ၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံလို့ ဆိုရမယ့် ခေတ်မီ နည်းပညာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။