ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံတယောက်ဖြစ်တဲ့ ကိုကောင်းဆက်ပိုင်ကို စစ်ခံရုံးက ထောင်ဒဏ်တသက် တကျွန်းချမှတ်ထားရာကနေ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့နဲ့ပြီးခဲ့တဲ့ မတ် ၂၂ ရက်မှာ ထောင်ဒဏ်တသက်တကျွန်း ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်၊ သတင်းနဲ့ ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ခဲ့တာပါ။
အသက် ၂၀ အရွယ် ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း အထက ၁၊ မြောက်ဥက္ကလာပ ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပြီး မတ် ၃၀ ရက်ကလည်း အထက (၂) မ ရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၈ နှစ် အရွယ် မဆုသွန်းပိုင်ကို ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါသေးတယ်။
ကိုကောင်းဆက်ပိုင်ကို သေဒဏ်အမိန့် ချမှတ်တာနဲ့ ဗကသရဲဘော်တွေကို မတရားပုဒ်မတွေတပ်ကာ ဖမ်းဆီးထောင်ချတာတွေ အပါအဝင် ပြည်သူလူထုကို တရားမဲ့သတ်ဖြတ်မှုတွေ၊ မတရား ဖမ်းဆီးထောင်ချမှုတွေ၊ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးသိမ်းပိုက်တာတွေ အားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဗကသရဲဘော်တွေ အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့/ကျူးလွန်ဆဲ မတရားမှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စစ်အုပ်စုအနေနဲ့ ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမှာဖြစ်ပြီး အဆိုပါလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့လည်း ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းကနေ ဧပြီ ၂၈ ရက်အထိ အကျဉ်းထောင်တွေမှာ ၁၇,၇၂၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၇၂၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ ၁၁၁ ယောက်နဲ့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် စုစုပေါင်း ၁၅၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ) လင်းထက်နိုင်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဗိုလ်တထောင်တရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။
ကိုလင်းထက်နိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားရာကနေ အခု နောက်ထပ် ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်လိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ရှိသွားပြီဖြစ်ပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက "ဒီနေ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ငါးနှစ်ချလိုက်တယ်။ စုစုပေါင်း ရှစ်နှစ်နေရမှာပေါ့။ စစ်အာဏာရှင်လက်အောက်က မလွတ်သရွေ့ ဒီလိုမတရားအမှုဆင်ပြီး ဖမ်းပြီးအမိန့်ချတာတွေ ကြုံနေမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုလင်းထက်နိုင်ရဲ့ဇနီးဖြစ်သူ ဗကသကျောင်းသားဟောင်း မဖြိုးဖြိုးအောင်က "ဒီမိုကရေစီရေး ကာကွယ်လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မအမှုနဲ့ပါ မတရားဖမ်းဆီး အမှုဆင် ထောင်ချခြင်းဖြစ်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကိုလင်းထက်နိုင် ထောင်ကျနေစဥ် ထောင်ဝင်လာပို့တဲ့ မိခင်ဖြစ်သူမှာလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ အင်းစိန်ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ပါတယ်။
မိခင်သေဆုံးပြီး တစ်လအကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ အင်းစိန်အကျဥ်းထောင်ရှိ တရားရုံးကနေ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်သုံးနှစ်ခဲ့မှတ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုလင်းထက်နိုင်ဟာ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မှုနဲ့ ၂၀၂၁ နှစ်မှာ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။