ဗင်နီဇွဲလား ပြည်သူ့ဝန်ထမ်းတွေဟာ နေထိုင်စားသောက်လို့ရတဲ့ လုပ်ခလစာပေးဖို့နဲ့ သူတို့ရဲ့ဝင်ငွေ ၄၀ ရာခိုင်နှုန်း လျော့ကျစေတဲ့ အစိုးရစည်းမျဉ်းတွေကို ဖျက်သိမ်းပေးဖို့ သြဂုတ် ၂၃ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ပင်စင်စားတွေနဲ့ ကျောင်းသားတွေလည်း ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ပညာရေးဝန်ကြီးဌာနကနေ ကာရာကတ်စ်မြို့လယ်အထိ ချီတက်ခဲ့ကြပါတယ်။
ပင်စင်စား Jesus Jaramillo က သူဟာ ‘အသက်ရှင်ခွင့်’ အတွက် ဆန္ဒပြနေတာလို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပင်စင်စား အများအပြားဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ချို့တဲ့မှုကြောင့် သေဆုံးနေကြရတယ် လို့လည်း ဆိုပါတယ်။
တက္ကသိုလ်ဝန်ထမ်းတွေနဲ့ ကျောင်းဆရာတွေအတွက် ပိုကောင်းမွန်တဲ့ လုပ်ခလစာတွေ တောင်းဆိုတာအပြင် ကျောင်းသားတွေဟာ ပိုကောင်းမွန်တဲ့ ပညာသင်ဆုတွေကိုလည်း တောင်းဆိုခဲ့ကြောင်း Universidad de Caracas ရဲ့ ကျောင်းသားအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။
ပညာသင်ဆုတွေဟာ မကြာသေးခင်ကမှ ၁ ဒေါ်လာကနေ ၃ ဒေါ်လာအထိ တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
စျေးနှုန်းကြီးမြင့်မှုနဲ့ ပြည်တွင်းသုံးငွေကို ဒေါ်လာအစားထိုး သုံးနေရမှုတွေကြောင့် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေရှိ အလုပ်သမားတွေအကြား လုပ်ခကွာဟမှုကို ကျယ်ပြန့်စေပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ အနိမ့်ဆုံးလစာဟာ တလကို ၂၂ ဒေါ်လာလောက်နဲ့ ညီမျှပါတယ်။ ဗဟိုဘဏ်ဒေတာကို အသုံးပြုပြီး ရိုက်တာရဲ့ တွက်ချက်မှုတွေအရ အခုနှစ် ဇူလိုင်လအထိ နှစ်စဉ် ငွေကြေးဖောင်းပွမှုဟာ ဒေသတွင်း အမြင့်ဆုံးနှုန်းဖြစ်ပါတယ်။