ဗင်နီဇွဲလားနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုလုပ်မယ့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို နိုဝင်ဘာ ၅ ရက်မှာ ပြောကြားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တိုက်ရိုက်ပတ်သက်နေတဲ့ စစ်အာဏာရှင်ဟာ လက်တင်အမေရိကရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲလို့ ပြောပါတယ်။
ကျနော်တို့အတွက် တရားမျှတမှုဟာ ဗင်နီဇွဲလားကို ရောက်လာတော့မယ်လို့ အဓိပ္ပာယ်ရပေမယ့် ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကြံ့ကြံ့ခံခဲ့ရသမျှ၊ ဗင်နီဇွဲလားနိုင်ငံသားတွေက တရားမျှတမှုကို ငြင်းဆိုခဲ့လို့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့ အရာအားလုံးကို ညွှန်းဆိုနေပါတယ်လို့ ဆိုပါတယ်။
ICC ရဲ့ အစိုးရရှေ့နေ ကာရင်မ်ခန်းဟာ နိုဝင်ဘာ ၃ ရက်က စုံစမ်းစစ်ဆေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးဖို့ မြို့တော်ကရာကာ့စ်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ မာဒူရိုနဲ့ တွေ့ဆုံပြီးနောက်မှာဂွိုင်ဒိုရဲ့ တုံ့ပြန်မှု ထွက်ပေါ်လာတာပါ။
နားလည်မှုစာချွန်လွှာအရ ရှေ့နေ ကာရင်မ်ခန်းဟာ ဗင်နီဇွဲလားက ဖြစ်ရပ်တွေရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတစ်ခု ဆက်လက်ဖွင့်လှစ် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ICC ဟာ ၂၀၁၈ ခုနှစ်ကတည်းက နိုင်ငံတွင်းမှာ ပဏာမစစ်ဆေးမှုကို ပြုလုပ်နေပြီး မာဒူရို အစိုးရမှ တာဝန်ရှိသူတွေဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်တယ်လို့ ယူဆရတဲ့ အကြောင်းရင်းရှိနိုင်ကြောင်း ပြောပါတယ်။
ICC ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ခြေလှမ်းတစ်ခုအဖြစ် တရားရေးအုပ်စု တွေကတော့ ချီးကျူးခဲ့ပါတယ်။ မာဒူရိုအစိုးရဟာ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပြောကြား ပေမယ့် ICC ရဲ့ သဘောထားကိုတော့ မျှဝေခြင်း မရှိပါဘူး။
ဗုဒ္ဓဟူးနေ့တုန်းကတော့ မာဒူရိုဟာ လွတ်လပ်တဲ့ လုပ်ငန်းစဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကို တွေ့ခဲ့ရတယ်လို့ အတိုက်အခံခေါင်းဆောင်က ပြောပါတယ်။
ဆိုလိုတာကတော့ မာဒူရိုက သူဟာ နိုင်ငံတကာ တရားမျှတမှုရဲ့ထိန်းချုပ်မှုမှာ ရှိနေပြီးတော့ လွတ်လပ်တဲ့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်ဆိုတာကို ဟန်ဆောင်ပြဖို့ ကြိုးစားခဲ့တာလို့လည်း ဆိုပါတယ်။ ဗင်နီဇွဲလားမှာ တရားမျှတမှုကိုနှစ်ပေါင်းများစွာ ပြန်ပေးဆွဲထားတယ်လို့လည်း ပြောသွားပါတယ်။