close

ဗန်းမောက်မြို့

close

October 6, 2022

ဗန်းမောက်တောင်ပိုင်းရှိ ရွာ ၂ ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်၊ အဘိုးအို ၁ ဦးသေဆုံး၊ နေအိမ်များပျက်စီး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့တောင်ပိုင်း စီးမော်ရွာနဲ့ သောင်ကြီးရွာတို့ကို အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် စီးမော်ကျေးရွာအုပ်စု တောင်ကြီးကျေးရွာက နေအိမ်တလုံးပေါ် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင်ကာ အသက် ၈၀ အရွယ် အဘိုးအိုတဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဗန်းမောက်မြို့နယ်က ဒေသခံတဦးက ​​ပြောတယ်။

“တိုက်ပွဲက ပြင်းထန်နေတာသုံးရက်ရှိပြီ၊ လေးရက်နေ့ကနေ ဖြစ်နေတာ နေ့တိုင်းပဲ။ တနေကုန်းနီးပါး လက်နက်ကြီးသံတွေ၊ သေနတ်သံတွေကြားနေရတယ်။ ဒီနေ့လည်း တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးလာကြဲတယ်၊ တောင်ကြီးရွာက နေအိမ်တလုံးပေါ်မှာကျတာတဲ့။ နေအိမ်မီးလောင်တော့ အိမ်ထဲမှာရှိနေတဲ့ မျက်မမြင်အဘိုးကြီး အိမ်မီးလောင်တဲ့အထဲ ပါသွားတယ်” လို့ ဗန်းမောက်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဒေသခံနေအိမ်တွေ မီးလောင်ကျွမ်းနေသလို အပြစ်မဲ့ပြည်သူ အထိအခိုက်တွေလည်း ရှိနိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဗန်းမောက်ဒေသခံတယောက်က “သောင်ကြီးက လှမ်းမြင်ရတာ တအိမ်ထိသွားတယ်။ စီးမော်ကတော့ မသိသေးဘူး။ စီးမော်မှာ ဗုံးကြဲတာများတယ်။ အပျက်အစီးလည်း များလောက်တယ်” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်တောင်ပိုင်း လုံးခင်းကျေးရွာအုပ်စုနဲ့ စီးမော်ကျေးရွာအုပ်စု အနီးအနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား အောက်တိုဘာ ၄ ရက်ကနေ့ ၆ ရက်အထိ နေ့တိုင်း တနေကုန်းနီးပါ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဆိုပါတယ်။ 

ပြည်သူအများစု တခြားဘေးလွတ်ရာကို ရှောင်တိမ်းနေရပြီး ရှောင်တိမ်းဖို့ခက်ခဲတဲ့ သက်ကြီးရွယ်အိုတချို့သာ ရွာမှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်ကလည်း သောင်ကြီးရွာမှာ တပ်ချထားတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတယောက်က ဆက်လက်ပြောပါတယ်။

မနေ့ကလည်း ကျောက်အိုင်ရွာက နေအိမ် ၆ လုံးလောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်တောင်းပိုင်းမှာ အောက်တိုဘာ ၄ ရက်နေ့ကတည်းက အင်းတော်မြို့နယ်ဘက်ကနေ အင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နေ့စဥ်လိုလို  တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ညကလည်း ဗန်းမောက်မြို့ ရဲစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေ ထိခိုက်ကျဆုံးမှုရှိသလို ရဲစခန်းထဲကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုတော့ မရှိဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုက်ဘာ ၄ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်တောင်ပိုင်း ကျောက်မဲတောင်ခြေနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အင်းတော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီလေတပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

9 hours Ago

August 11, 2022

ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ၃ မိုင်ခန့်အကွာ လယ်နက်ကြီးကျေးရွာနဲ့ နားယကာကျေးရွာ အနီးမှာ ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ လောက်ကြာပြီး PDF ဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘဲ စစ်ကောင်စီတပ်ဘက်က အသေအပျောက် ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံတဦးက “စစ်ကောင်စီဘက်က အင်အား ၈၀ လောက်ရှိတယ်။ ဆွဲမိုင်း ၈ လုံးလောက် ကွဲပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်။ ထုံးစံအတိုင်း တောထဲမှာပဲ ကိစ္စရှင်းခဲ့ပုံရပါတယ်။ ဘယ်နှယောက်ကျလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဩဂုတ် ၉ ရက် ညနေပိုင်းကလည်း ဗန်းမောက်မြို့အနီး မြင်သာ၊ ညောင်ကိုင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့ကာ ရုပ်အလောင်းကို ရွာအနီး လယ်ကွင်းနားမှာ ဖြစ်သလို မြှုပ်သွားတယ်လို့ သိရပါတယ်။

ညပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေဟာ လယ်နက်ကြီး၊ ပေကုန်းဘုန်းကြီးကျောင်းမှာ စခန်းချကြတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ နေ့စဥ်ဆက်တိုက်ဆိုသလို ဖြစ်နေပြီး အခုဆို မြို့နဲ့ ရွာတွေအနီးကို ပိုကပ်လာပြီဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

2 months Ago
Up