close

ဗန်းမော်အနောက်ဘက်ကမ်း

close

December 3, 2021

ဗန်းမော်အနောက်ဘက်ကမ်းတွင် တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၃ ဦးသေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အနောက်ဘက်ကမ်းမှာ ဒီဇင်ဘာ ၃ ရက် မနက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံး၊  အများအပြား ဒဏ်ရာရရှိခဲ့ကာ  စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ပြည်သူ ၃  ယောက် သေဆုံးသွားပါတယ်။

ဗန်းမော်မြို့နယ်ရှိ မြစေတီကျေးရွာနဲ့ ပါပေါင်းကျေးရွာအနီးရှိ ရှမ်းကုန်းဆိပ်အနီးမှာ ဒီဇင်ဘာ ၃ ရက်မနက် ၇ နာရီကျော်လောက်က စစ်ကောင်စီတပ်က  စက်လှေ၂ စီး၊ အင်အား ၇၀ လောက်နဲ့ သေနတ်တွေ ပစ်ဖောက်ကာ တက်ရောက်လာတာကြောင့် ကချင်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့   တိုက်ပွဲဖြစ်ပွားခဲ့တာလို့   ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီး တယောက်က “ကျမတို့အသက်လုထွက်ပြေးခဲ့ရတယ်။ အိမ်မှာက အသက်ရွယ်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့သူရောရှိတယ်။ ကလေးတွေရောရှိတယ်။ ဟိုဘက်ကမ်းကရော၊ မြစ်ထဲကနေရော၊ ကုန်းပေါ်ကနေပါ ပစ်နေကြတာ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က ပါပေါင်းကျေးရွာအနီးပစ်ခတ်ခဲ့တာကြောင့် ကမ်းနားအနီးနေထိုင်တဲ့ ရွာသား တယောက် သေနတ်ထိမှန်သေဆုံးခဲ့ရပါတယ်။

တဖက်ကမ်းရှိ ကျွန်းကြီး မိုင်းကာဘက်မှာ တပ်စွဲထားတဲ့  စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူ တိုက်ခိုက်ခဲ့လို့လည်း ကျွန်းကြီးကျေးရွာမှ ပါပေါင်းကျေးရွာသို့ အလုပ်လာလုပ်တဲ့ ဒေသခံရွာသား နှစ်ယောက် လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ယောက် သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပြီး ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ကျဆုံးဒဏ်ရာရမှု အခြေအနေကို သိရဖို့  ဒေသခံ ကေအိုင်အေတပ်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်လောက်ကြာပြီး  တိုက်ပွဲကြောင့် ဒေသခံတွေ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်လာသူတယောက်ကလည်း “ ရွာထဲကအိမ်တွေလည်း လက်နက်ကြီးတွေထိလို့ တချို့ပျက်စီးကုန်လောက်ပြီ၊ ဘယ်အချိန်မှ ရွာကိုပြန်ရတော့မလဲမသိဘူး။ စစ်သားတွေလည်း ပါပေါင်းရွာဘက်မှာ အများကြီးပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ရှိ စံပါရပ်အထက်ဆိပ်ကမ်းဘက်ကနေ ဒီဇင်ဘာ ၃ ရက် မနက် ၆ နာရီလောက်က ထွက်ခွာလာတာလို့ ဒေသခံတွေထံက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဗန်းမော်မြို့နယ်အနောက်ဘက်ဆိပ်ကမ်းရှိ ကျေးရွာတွေမှာ ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

12 hours Ago
Up