ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို လာမယ့် ဧပြီ ၂၆ ရက်နေ့ သွားရောက်ပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ကုလသ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ကုလအကြီးအကဲဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း နေ့လယ်စာအတူစားရင်း အလုပ်သဘော ဆွေးနွေးဖို့ ရှိတယ်လို့ ဂူတာရက်စ်ရဲ့ ပြောခွင့်ရသူ အီရီ ကာနီကိုက သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာ အမြန်ဆုံးငြိမ်းချမ်းရေးရဖို့ ဘာတွေ လုပ်နိုင်မလဲဆိုတာကို ဆွေးနွေးနိုင်ဖို့ အထွေထွေအတွင်းရေးမှူးချုပ်က မျှော်လင့်ထားပါတယ်လို့ ပြောသွားတာပါ။
ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးဟာ ယူကရိန်းနိုင်ငံကို သွားရောက်နိုင်ဖို့လည်း ယူကရိန်း အစိုးရနဲ့ ညှိနှိုင်းနေပါတယ်။
ဒီတပတ်အစောပိုင်းက ရုရှားနဲ့ ယူကရိန်းတို့က ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်တွေဆီကို သီးခြားဆီ ပေးပို့တဲ့ စာမှာ ဂူတာရက်စ်က သမ္မတ ပူတင်နဲ့ သမ္မတ ဇီလန်စကီးတို့ကို သက်ဆိုင်ရာ နိုင်ငံတွေမှာ သူ့ကို လက်ခံတွေ့ဆုံဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ဂူတာရက်ဟာ အီစတာကာလ လူသားချင်းစာနာမှုကို ငဲ့ညှာတဲ့အနေနဲ့ ၄ ရက်တာ အပစ်ရပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။