ယူကရိန်းစစ်တပ်ရဲ့ ဘတ်ခ်မွတ်မြို့အနီးရှိ ဗဟိုကွပ်ကဲရေးဌာနကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။
စစ်ဆင်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်ကို ဖော်ပြခဲ့ခြင်းမရှိပေမဲ့ ယူကရိန်းအရှေ့ဘက် ဒွန်ညက်ခ်ဒေသရှိ ဘတ်ခ်မွတ်မြို့ကနေ အနောက်တောင်ဘက် ၁၂ မိုင်ခွဲအကွာက ကွန်စတန်းဂျီညီ(ဗ်)ကာမြို့ရဲ့ အခြေစိုက်စခန်းအနီးမှာ အခုလို တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က အတည်ပြုပါတယ်။
ဒါပေမဲ့ ယူကရိန်းဘက်ကတော့ ဒီသတင်းတွေအပေါ်မှာ မှတ်ချက်ပေးခြင်းမရှိသလို ရိုက်တာသတင်းဌာနအနေနဲ့လည်း ဒီကိစ္စအတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မကြာသေးမီရက်တွေအတွင်း ရုရှားတပ်ဖွဲ့တွေဟာ အတော်ပျက်စီးနေပြီဖြစ်တဲ့ ယူကရိန်းမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။
ဒွန်ညက်ခ်ဒေသရှိ ဘတ်ခ်မွတ်မြို့တွင်းနဲ့ မြို့ပြင်တဝိုက်မှာ လပေါင်းများစွာကြာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရုရှားဘက်ကဒီမြို့ရဲ့ နယ်မြေအများစုကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပေမဲ့လည်း ယူကရိန်းတပ်ဖွဲ့တွေကတော့ ဒီပြောဆိုချက်ကို သဘောမတူပါဘူး။
ရုရှားတပ်ဖွဲ့တွေသာ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ဒွန်ညက်ခ်ဒေသမှာ ကာလရှည်ကြာ သူတို့လိုချင်နေခဲ့တဲ့ ကရာမာတော့စ်ခ်နဲ့ စလိုဗီးယန့်ခ် မြို့ကြီး ၂ မြို့ကို ဆက်လက်ချီတက်နိုင်ဖို့ရာ အထောက်အကူ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ယူကရိန်းအပေါ် ကျူးကျော်စစ်ကို အထူးစစ်ဆင်ရေးလို့ သုံးနှုန်းတဲ့ ရုရှားအတွက် ဘတ်ခ်မွတ်မြို့က အောင်ပွဲဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။